" ကုန်စျေးနှုန်းကို ဘယ်သူ ကြိမ်နဲ့ဆော်တာလဲ"

" ကုန်စျေးနှုန်းကို ဘယ်သူ ကြိမ်နဲ့ဆော်တာလဲ"

ကျုပ်တို့လူမျိုးက ဘာသိဘာသာအရမ်းနေကြတာဗျဟု မိတ်ဆွေကြီး ကိုဘုန်း၏ ခရာမတွတ်ပဲလွှတ်လိုက်သော စကားကြောင့် သောက်မယ့်ရေနွေးကြမ်းခွက်ကလေးအသာပြန်ချရင်း၊ဘဇာအရေးနည်းဟုစေ့ငုနေမိ၏။ကိုဘုန်းက ကွမ်းဂျမ်းထုပ်မှကွမ်းတစ်ယာကိုစိတ်ပါလက်ပါယာနေချေ၏။အသို့နည်း ကိုရင် ငဘုန်းရယ်လေ။

ဒီလိုဗျ စာရေးသူကြီးရ။ကျုပ်တို့ဆီမယ် ဓာတ်ဆီစျေးတွေ ပထမအကြိမ်လှုပ်ကနဲတက်တုန်းက၊ကျုပ်မိန်းမဦးကြီးက ဓာတ်ဆီစျေးတက်တာကိုဝမ်းသာလို့တဲ့ဗျို့။ကျုပ်က ဘဇာအရေးတွေးပြီးဝမ်းသာရတာတုန်းလို့မေးတာပေါ့။ပြောပုံကကြည့်ဦးလေ။ဓာတ်ဆီစျေးတက်တော့ ဆိုင်ကယ်တွေအစီးနည်းသွားတာပေါဟတဲ့။ဘာလဲ ခင်များမယ်ဆိုင်ကယ်မရှိလို့လားလို့ကစ်လိုက်တော့၊မဟုတ်ရပါဘူး မောင်ရာ  ဆိုင်ကယ်အစီးနဲတော့ အသေအပျောက်တွေမကြားရတော့ဘူးတဲ့လေ။သူပြောပုံက ဓာတ်ဆီစျေးချိုသာအောင်လုပ်ပေးခဲ့တဲ့သူတွေကပဲ အသေအပျောက်များစေသတည်းလို့လုပ်ခဲ့သလိုလို၊ဓာတ်ဆီစျေးတက်အောင်လုပ်ပေးနိူင်သူကြီးကိုပဲ ကယ်တင်ရှင်ကြီးရယ်လို့ပူဇော်ရတော့မလိုလိုကြီး ..ဖွီး။

ဖွီး ဆိုသည်ကား ကိုရင်ဘုန်းကြီးရဲ့ ကွမ်းထွေးထုတ်လိုက်ခြင်းရယ်ပါအဆွေ။ကိုဘုန်းကား ဖွီး ပြီးပြီးချင်း ဂွပ်ကနဲရေနွေးကြမ်းတစ်ခွက်ကိုဆော်ပြန်၏။ပြီးမှ  ဒီလိုရှိတယ် စာရေးသူကြီးရဲ့။ကျုပ်လည်းအဲဒီလူကြီးကို အထွေထွေစျေးနူံးတွေတက်ဖို့တာဆူနေတာကိုရော မတွေးမိဘူးလားလို့မေးလိုက်တာပေါ့။မိုးပြိုအများပဲ ကိုယ့်လူတဲ့။မခက်ဘူးလား။

ဟိုတနေ့ကလည်း သောက်တလွဲပြောသေးတာလေ။သူ့ဘာသာ ဒေါ်လှစျေးတက်တက်၊ရွှေစျေးတက်တက်၊ကိုယ်ဒေကတော့ အေးဆေးပဲတဲ့။ဒေါ်လှလည်းမကိုင်ရွှေလည်းမဆိုင် ကိုယ့်ဘာသာအေးဆေးထိုင်နေရုံပဲတဲ့လေ။ဆန်၊ဆီ၊ဆား၊ဆေးရှိသမျှစျေးကတော့ခင်ဗျားနဲ့ဆိုင်တယ်နောလို့"ခနဲ့"လိုက်တော့၊ထမင်းရည်သောက်ရင်းမော့်ကြည့်နေတယ်လေ။ထမင်းရည်သောက်ရင်းတောင်မှ နောင်တမရသူကြီးပေါ့ဗျာ။

အခု အထွေထွေစျေးနှုန်းတွေလွှတ်တက်နေလို့ မိုးကြိုးပစ်စေ့နိုင်ငံတော်ဆိုသူတွေတောင်မှ၊အရူးမီးဝိုင်းဖြစ်ပြီး ကုန်သည်ကြီးများတို့ဘာတို့ကိုရှေ့တော်ခေါ်သွင်းပြီးဆူပူကြိမ်းမောင်းနေတဲ့သတင်းတွေကြားနေရတာအခါခါမဟုတ်လားဗျ။

စာရေးသူကြီးကြားဖူးမယ်ထင်ပါတယ်။ စကားတောင်စားအမတ်ကြီးအကြောင်းလေ။ အင်းဝခေတ်မှာထင်တယ်။ အင်းဝဘုရင်ဆီမှာအမှုတော်ထမ်းတဲ့စကားတောင်စားအမတ်ပေါ့ဗျာ။တခါသားဧရာဝတီမြစ်ရေက ဗောင်းလျှံ ဗောင်းလံ တက်တာပေါ့လေ။အဲဒီမှာ မြစ်ဘေးချောင်းဘေးနေကြတဲ့ပြည်သူတွေ ကူပါယူပါတစာစာဖြစ်ကြတာပေါ့။

ဘုရင်ကအဲဒီအချင်းအရာကိုကြားတော်မူတော့၊ဧရာဝတီမြစ်ကြီးကို ရေမြေ့သခင်ပြည့်ရှင်မင်းတရားကြီးရဲ့အမိန့်နဲ့ရေကြီးခြင်းကိုချက်ချင်းရပ်တန့်ဖို့၊စကားတောင်စားအမတ်ကို တာဝန်ပေးလိုက်တာပေါ့လေ။ယုတ္တိမရှိတဲ့တာဝန်ကိုပေးမှန်းတော့ စကားတောင်စားအမတ်ကသိတာပေါ့။သောက်ရူးမှမဟုတ်တာကို။ဒါပေမယ့် ဘုရင့်အမိန့်ဆိုတော့လည်းမှန်လှပါဘုရားဆိုပြီးဧရာဝတီမြစ်ကြီးဆီသွားပြီး ဇာတ်ထဲကလိုဆိုရင်တော့၊အမိန့်တော်ပါတယ်၊အမိန့်တော်နာခံစေပေါ့လေ။ဧရာဝတီမြစ်ကလည်း ဒူးထောက် နာခံလို့ပေါ့။

စကားတောင်စားအမတ်လည်း အမိန့်ပြန်ပြီးပြန်လာတာပေါ့။နောက်တနေ့ကျတော့ ဘုရင်ကအခေါ်တော်ရှိတယ်ဆိုလို့သွားရပြန်တာပေါ့။ဟိုရောက်တော့ မောင်မင်း ငါပြန်ခိုင်းတဲ့အမိန့်ပြန်ခဲ့ရဲ့လားဟဲ့ဆိုတော့၊မှန်ပါပြန်ခဲ့ကြောင်းပါလို့လျောက်ရတာပေါ့။သို့ကလိုဖြင့် ဧရာဝတီမြစ်က ရေမကျတဲ့အပြင်ပို၍ပင်တိုးလာတာဘဇာအရေးနည်း အမတ်ကြီးရဲ့လို့လုပ်တော့တာကိုး။

စကားတောင်စားအမတ်ကလည်းစကားတောင်စားပီပီ"ဒါက ဒီလိုရှိပါတယ် အရှင်မင်းကြီး။ဘုရား ကျွန်တော်မျိုးကြီး မနေ့က အမိန့်တော်ပြန်ရင်း အမိန့်မနာခံမည်စိုး၍ ကြိမ်ဒါဏ်ပါပေးခဲ့ပါသေးသည် ဘုရား။ယခုအခါ ကြိမ်ဒါဏ်ကြောင့် မြစ်ဖူးယောင်ခြင်းသာ ဖြစ်ပါတယ်ဘုရား။မြစ်ရေတက်ခြင်းမဟုတ်မူ၍၊နောက်တနေ့ဆိုလျှင် မြစ်အယောင်ကျသွားပါလိမ့်မယ် ဘုရား"လို့၊ပွါးလိုက်တော့ ဘုရင်ကလည်း ကောင်းလေစွ၊ကောင်းလေစွပေါ့လေ။

အခုလည်း ကျုပ်တို့ဆီက ကုန်စျေးနူံးဆိုတာကြီးလည်း အမိန့်ပြန်ရုံမဟုတ်ပဲ ကြိမ်နဲ့ပါဆော်ထားသမို့ ၊ကုန်စျေးနူံး ဖူးယောင်နေတာပဲဖြစ်မှာပါလေ။နောက်တနေ့ဆို ကုန်စျေးနူံး အယောင်ကျသွားမှာပါဗျား  ဟား ဟား ဟား။
ကိုရင်ငဘုန်းကား သူ့စကားသူသဘောကျပြီး၊ စားနေတဲ့ကွမ်းသီးတဲ့အထိရီမောနေလိုက်တာလေ။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10