သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မနေ့ကထင်ပ၊ တီဗီအစီအစဥ်တခုမယ် ကြည့်လိုက်ရသေးတယ်။ ဟိုတုန်းက ကက်စက်ဇာတ်လမ်းများဆိုပြီး ကက်စက်တိတ်ခွေဖွင့်ပြီး သရုပ်ဆောင်ပြတဲ့အစီအစဥ်ပေါ့။ ဇာတ်လမ်းထဲမယ် စားသုံးဆီစျေးတွေမြင့်တက်လာလို့ တအိမ်ထောင်ဘယ်လောက်ဆိုပြီး ဆီရောင်းပေးတဲ့အခန်းမယ် တန်းစီဝယ်နေကြတာတွေ၊ ရန်ဖြစ်နေကြတာတွေပါတော့ ပြုံးနေမိသေးတယ်။
ဪ ရှေးဖြစ်ဟောင်းအောက်မေ့ဖွယ်ဆိုပေမယ့်၊ ဂလိုအကြပ်အတည်းကြီးမျိုးတော့ အောက်မေ့မဖွယ်ချင်ပေါင်ဗျာ။ ဘယ်သူမဆို ရှင်ပြုတုန်းက ရွှေထီးဆောင်းတာမျိုးပဲ အောက်မေ့ဖွယ်ချင်တာရယ်လေ။ ဇဗ္မူဒီပါလက်ယာတောင်ကျွန်းဩဘာနိမိတ်ထွန်းတဲ့ကျွန်း ကောင်းတာလေးတွေတွေးပြောပြုမှ ဘာညာဆိုတဲ့ "ဂျင်း"ကရှိသေးမဟုတ်လား။
ကျုပ်တို့ဆီမယ် သမိုင်းဘီးဆိုတာကြီးကလည်း ဘယ်လိုလှည့်လှည့်ဒီအကွက်ကြီး ပြန်ပြန်ကျနေတာကြီးက တော်တော်ဆိုးနေပြီ။ ကျောင်းသားဘဝတုန်းကတွေ့ခဲ့ဖူးတဲ့ စက်ဗန်းကြီးနဲ့ရေခဲချောင်းသည်ကြီးတောင် သတိရမိသေးရဲ့။ သူ့ဗန်းက ဘယ်လိုလှည့်လှည့် ၃ ချောင်းဆီပဲကျနေတာလေ။
အခုတလော ဖေ့စ်ဘွတ်ထဲမယ် လူတန်းရှည်၊ ယာဥ်တန်းရှည်တွေ တစခန်းထနေသာရယ်။ ဘာလားဟဆိုပြီး ကြည့်မိမှအလို စားအုန်းဆီတန်းစီဝယ်နေကြတာဆိုကိုး။ ရောင်းချပုံကလည်း လူတစ်ဦး စားအုန်းဆီ ၅၀ ကျပ်သားတဗူးတဲ့ခင်မျာရေ့။ အပြင်စျေးက တပိဿာ ၉၀၀၀ ကျော်နေတော့ကာ ရသော်ရှိ၊ မရသော်ရှိ တန်းစီကြည့်နေရရှာပေါ့ ဆီကိုရေချိုး ဆေးရိုးမီးလှုံ စပါးတောင်လိုပုံကြသူတို့။ နောင်ဆို ဝင်းသူဇာတို့ ညီမတတွေများရောက်ချလာချေ ဦးမလားမပြောတတ်ပါလေ။
အခုတလော အဟောင်းဝယ်ဒေဆိုတဲ့ လော်သံလေးတွေ တိတ်ဆိတ်သလိုဖြစ်သွားတာလည်း စက်သုံးဆီစျေးတွေ တဟုန်ထိုးခုန်တက်သွားလို့ဆိုကိုး။ ပိုက်ပိုက်ရှိတာတောင်ဝယ်မရကြလို့ ဆီဆိုင်တွေဆီမှာ အမိန့်စာဆိုသဟာကြီးတွေ တဖွဲဖွဲဝင်ရောက်နေသတဲ့။ ပစ္စည်းဟောင်းဝယ်ရောင်းသမားတွေ ခေတ်ဟောင်းစနစ်ဟောင်းတွေကို ဝယ်ရောင်းလုပ်ပြီး ကြီးပွါးသွားကြတာလည်းဖြစ်ကောင်းဖြစ်မယ်ထင်သာ။
အခုကာလကြီးက စကတည်းကယဥ်သကို ဆိုတာလိုပနော။ စစချင်းမှာ ကိုဗစ်သောင်းကျန်းနေတုန်းက အောက်စီဂျင်တန်းစီရ၊ အသေအပျောက်အထိအရှများလာတော့ မသာတွေတန်းစီရနဲ့ စခဲ့ကြတာကြီးရယ်။ တီစမ်းတဲ့ခေတ်ပေါ့နော့။
အခြားတဖက်က တွေးကြည့်တော့လည်း မဆလ၊ နဝတ၊ နအဖ ခေတ်ကို မသိမမီလိုက်ကြသူတွေအတွက် ခေတ်ဆိုးစနစ်ဆိုးကြီးကို မမေ့ကြစေလိုလို့ ခဏခဏပြန်လည်သရုပ်ပြ ပေးနေတာလည်းဖြစ်နိုင်တာပဲလေနော့။ နာတတ်ကြစေချင်လို့ နှိုးပေးနေတာလည်း ဖြစ်ရင်ဖြစ်မှာပ။
စာထဲပေထဲဖတ်ဖူးတဲ့ ပြည်သူတွေဘာလုပ်နေကြတာလဲဆိုတော့ ပေါင်မုန့်ရဖို့ တိုးကြိတ်နေကြတာပါဆိုတော့၊ သိပ်ခက်တဲ့လူတွေ ပေါင်မုန့်မရှိ ကိတ်မုန့်စားပေါ့လို့တော့ ပြောမယ်မထင်ပါဘူးလေ။ ဗုဒ္ဓဘာသာနိုင်ငံကြီးမယ်လေ။ ပြန်ဆိုတေးတွေနဲ့ ဗွက်ပေါက်ခဲ့တဲ့ ဒေသကြီးမယ်။ ပြန်ဆိုခေတ်ကြီးလည်းတော ထလာတာဘာဆန်းတာမှတ်လို့။
မှတ်မိကြသေးတယ်မို့လား။ ကိုဗစ်ဆိုတာကြီးကျုပ်တို့ အာစီယံကြီးထဲရောက်လာကာစက အသံမက်ဆေ့တခုအကြောင်းလေ။ "မောင်လေး တမာရွက်စားပေးရတယ်"ဆိုတာကြီးလေ။ ကပ်ရောဂါကြီးကို ဆေးမြီးတိုနဲ့ ဖြေရှင်းခိုင်းတဲ့မက်ဆေ့လေ။ တမာပင်တွေအတော်မျက်ခုံးလှုပ်ခဲ့ရတာ။
အခုကျုပ်တို့မယ် ရနေတဲ့ရောဂါကဖြင့် ကပ်ရောဂါတမျှကြီးကိုလေ။ ဆင်ပါးစပ်နှမ်းပက်နည်းတွေနဲ့ ကုလို့မရတော့ဘူးရယ်။ ဆေးမြီးတိုနဲ့ စပ်ဆေးနဲ့ သွားလို့မရတော့ဘူးရယ်။ ရေမန်းသောက်ဆီမန်းလိမ်းရုံနဲ့ မရတော့ဘူးလေ။
ကျုပ်တော့ ဆန်တန်းစီ၊ ဆီတန်းစီနေတဲ့ လူတန်းကြီးတွေမြင်ရင် "မောင်လေး တမာရွက်စားပေးရတယ်" ဆိုတဲ့ ကိုဗစ်အသံမက်ဆေ့ကြီးကိုပဲ ပြန်ပြန်ကြားနေရသာကြီးရယ်ပါလေ။
ကာတွန်း - နေညိုအေး
#မြေလတ်အသံ