"ယွစိ( သို့မဟုတ်) မအလ၏ ပွစိပွစိအော်လံ" (သရော်စာ)

"ယွစိ( သို့မဟုတ်) မအလ၏ ပွစိပွစိအော်လံ" (သရော်စာ)

ကိုဘုန်းအိမ်ကိုရောက်တော့ လက်သမားပစ္စည်း အစုံအလင်နဲ့ ကိုဘုန်းတယောက် ချွေးတောက်တောက်ကျအောင် အလုပ်လုပ်နေရဲ့။ ကိုဘုန်း ဘာအရေးအတွက် ချွေးထွက်သံယိုလုပ်နေသည်ကို မသိပေမယ့် သူလုပ်လက်စအနေအထား ကြည့်ရတာကတော့ဖြင့် စားပွဲတလုံးဆိုတာ ရိပ်စားမိပါသည်လေ။

"ဘယ်လိုလဲ ကိုရွှေဘုန်းရဲ့ စားပွဲဝိုင်းမရှိလို့ ဆွေးနွေးမရဖြစ်နေတဲ့ ဟိုအဖွဲ့ကို လက်ဆောင်ပေးဖို့ မှတ်တယ်ဟုတ်စ" 

ကျုပ်ရဲ့အကျင့်အတိုင်း နောက်ရွှတ်ရွှတ် နှုတ်ဆက်စကားကို တဟားဟားရယ်မောရင်း ကိုဘုန်းက ရေနွေးကြမ်းဝိုင်းကို ဝင်လာလေရဲ့။

ပြီးမှ "အေးဗျ  စာရေးသူကြီးရ ခင်ဗျားပြောမှ စိတ်ကူးပေါက်လာတယ်။ မအလကြီးရဲ့ ပုလင်းတူဗူးဆို့ ယွစိဆိုတဲ့ပုဂ္ဂိုလ်ကြီးကို လက်ဆောင်ပေးလိုက်ရရင်၊ မြန်မာပြည်ကြီး ငြိမ်းချမ်းသွားဖွယ်ရာရှိမယ် ထင်တယ်ဗျို့"

"ဒါနဲ့ ကိုရွှေဘုန်း အဲဒီထိုင်းသတင်းဌါနတခုနဲ့ ဗိုလ်ချုပ်ကြီးယွက်စစ်အင်တာဗျူးကို ဘယ်လိုမြင်လဲဗျ။ ဥပမာဗျာ အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး မအလကြီး နောင်တရနေပုံရတယ် ဘာညာဆိုတာလေ"

"ဒါကတော့ စာရေးသူကြီးရာ ဗခကယွစိက တမင်သက်သက် လေသံပစ်ပေးတာ ဖြစ်မှာပါ။ ဘာဖြစ်လို့လဲဆိုရင် ယွစိက မအလလူပဲလေ။ မအလက ယွစိတို့ကို ဝေစုခွဲပေးဖို့ ပြောထားပြီးသားပဲလေ"

"အေးဗျ ကိုဘုန်းရ သူ့အင်တာဗျူးဖတ်ကြည့်တာ ကျုပ်လည်း ခင်ဗျားတွေးသလို တွေးမိတယ်"

"စာရေးသူကြီး စဥ်းစားကြည့်လေဗျာ၊ ဒီယွစိပြောသမျှထဲမှာ မအလကြီးကို အပြစ်ပြောတာ တလုံးမှမပါတဲ့အပြင် မအလတို့ လေသံနဲ့တထပ်တည်း NLD ကို ပုတ်ခတ်တာ၊ NUG ကိုကန့်လန့်ပြောတာ PDF ကို ကြောက်တာတွေက မိတ္တူဆွဲထားသလား မှတ်ရတာလေဗျာ။ ကျုပ်အထင်တော့ မအလကြီးက ယွစိပါးစပ်ခဏငှါးပြီး သူ့အလုံးကြီးထည့်ပေးလိုက်ပုံပါပဲ"

"အေးဗျ ကိုဘုန်းရ မအလကြီး ယွစိတို့ကို ပြထားတဲ့အချက် ၄ ချက် ဖက်ဒရယ်ဒီမိုကရေစီ၊ PR စနစ်ရွေးကောက်ပွဲ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အကုန်လုံးနဲ့ ဆွေးနွေးမယ်၊ ပြဿနာဖြစ်နေတဲ့ ၂၀၀၈ ခြေ/ဥ အချို့အချက်တွေ ပြင်မယ်ဆိုတာတွေက ယွစိတို့အကြိုက်တွေကိုးဗျနော"

"အေးလေဗျာ စစ်အာဏာရှင်အဆက်ဆက်က ဂလိုပဲ အချိုကျွေးလိုက် အချဥ်ဖမ်းလိုက်၊ လက်ဝါးချင်းရိုက် ပေါင်းစားလိုက် လုပ်လာတာပဲ နှစ်တွေဘယ်လောက်ကြာပလဲ၊ အခု ယွစိတို့လို လူတွေကို အကွက်ဟောင်းနဲ့ပြန်ချောင်းတာပါပဲ။ ကျုပ်ဖတ်ဖူးတဲ့ပုံပြင်တပုဒ် သိရမိသေးတယ်။ တခါက မြို့တမြို့မှာ ဖိနပ်လုပ်ငန်းနဲ့ ကြီးပွါးချမ်းသာတဲ့ လင်မယား ၂ ယောက် ရှိသတဲ့ဗျ။ သူတို့မှာ သားထောက်သမီးခံလည်း မရှိဘူးပေါ့ဗျာ။ တနေ့တော့ အဖိုးကြီးက ကာလဝမ်းရောဂါနဲ့ ဆုံးပါးသွားသတဲ့။ ဒီတော့ ပစ္စည်းဥစ္စာတွေနဲ့ ကျန်ခဲ့တဲ့ မုဆိုးမ ဒေါ်ဖြူတုတ်ဟာ နောက်အိမ်ထောင်ပြုချင်လာသတဲ့လေ။ ဒေါ်ဖြူတုတ်တို့မှာ ဟိုတုန်းကတည်းက တိုင်ပင်ဖေါ်တိုင်ပင်ဘက် ဦးပုဆိုတာ ရှိတော့ ဒေါ်ဖြူတုတ်က ခေါ်ပြီး တိုင်ပင်တာပေါ့။ သူ့ယောကျ်ားသေကတည်းက ရပ်ထားတဲ့ ဖိနပ်လုပ်ငန်း ပြန်လုပ်ချင်ကြောင်းနဲ့ အလုပ်မှာဦးစီးဖို့ အိမ်ထောင်ပြုချင်ကြောင်း တိုင်ပင်တာပေါ့။ ဦးပုကလည်းဘယ်သူနဲ့ အိမ်ထောင်ပြုမှာလဲမေးတော့ ဒေါ်ဖြူတုတ်ထက် အသက်များစွာငယ်တဲ့ လမ်းထိပ်က မောင်မြင့်လွင်နဲ့ လို့ပြောသတဲ့။ ဦးပုလည်း စဥ်းစားပါဦးအေဆိုပြီး ပြန်သွားသတဲ့။
နောက်တပတ်လောက်ကြာတော့ ဒေါ်ဖြူတုတ်က ခေါ်ပြီးတိုင်ပင်ပြန်သတဲ့။ ဦးပုလည်း မောင်မြင့်လွင်ကိုသဘောမကျပေမယ့် ပြောရခက်ပြီး စဥ်းစားနေသတဲ့။ အဲဒီအချိန်မှာ ဘုန်းကြီးကျောင်းက အမျှဝေပြီး ကြေးစည်ခေါက်သံ ကြားတော့၊ ဖြူတုတ်ရေ ကြေးစည်သံကို အတိတ်ကောက်ပြီး ဆုံးဖြတ်ပေတော့လို့ ပြောပြီးပြန်သွားသတဲ့။ နောက်တနေ့ကျတော့ ဒေါ်ဖြူတုတ်လည်း ကြေးစည်သံအတိတ်ယူပြီး မောင်မြင့်လွင်နဲ့ နှစ်ကိုယ်တူချစ်သမျှတွေလိုက်ကြရောတဲ့။ တလလောက်ကြာတော့ ဒေါ်ဖြူတုတ်တယောက် မျက်နှာအညိုအမည်း မျက်ရည်တွဲလွဲနဲ့ ဦးပုအိမ်ရောက်လာပြီး၊ အမလေးဦးပု အကြံပေးကောင်းလို့ ကျမဒုက္ခရောက်ပါပြီလို့ ပြောသတဲ့။ အဲဒီမှာ ဦးပုက ဟဲ့မဖြူတုတ်ရဲ့ကြေးစည်သံ "ဒူဝေ ဒူဝေ" ကို နင်က ဘယ်လိုအတိတ်ကောက်လို့လဲဟဲ့ ဆိုတော့၊ ဒေါ်ဖြူတုတ်က"ယူလေ ယူလေ" လို့ ကောက်တာပေါ့တော့လို့ ပြောတာပေါ့။ အဲဒီမှာ ဦးပုက အေးပေါ့ဟာ နင်ကအဲဒီတုန်းက မွှန်နေတာကိုးဟ။ ငါကောက်ယူတဲ့အတိတ်က "လူပေ လူတေ" လို့ ကောက်ခဲ့တာလေလို့ ပြောလွှတ်လိုက်သတဲ့။ 

အခုလည်း ယွစိတို့လို အဖွဲ့တွေက မွှန်နေတဲ့ကာလဆိုတော့ မအလကြီးဆီက အသံကို "ယူလေ ယူလေ" လို့ ကောက်မိပုံရပါတယ်။ အဒါကြောင့်လည်း မအလကြီး ထည့်ပေးလိုက်တဲ့အလုံးတွေကို ထိုင်းသတင်းဌာနတခုနဲ့ အင်တာဗျူးမှာ ခေတ်စကားနဲ့ပြောရရင် ချီးပေါက်ပြတာပေါ့ဗျာ"

"ကိုဘုန်းတို့ကတော့ ဝုန်းချလိုက်ပြန်ပြီ"

"ဟားဟားဟားဟား"

သရုပ်ဖော် - နေညိုအေး
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10