" အချဥ်ပေါင်းရမယ်..အချဥ်ပေါင်း"

" အချဥ်ပေါင်းရမယ်..အချဥ်ပေါင်း"

"မင်းလက်ကလေးကိုင်ချင်လို့ဟို့  ခဏလောက်တော့ခွင့်ပြုပါ.."။ အလို  ကျုပ်မိတ်ဆွေကြီး ကိုဘုန်းသည်ကား ခေတ်သီချင်းတကြောင်းကို၊ တကြော့နှစ်ကြော့တေးကိုသီဆိုသလို အလီလီသီရင်းသူ့ခြံထဲတွင်တူရွင်းတလက်နှင့်အလုပ်ရှုပ်လျှက်ရှိချေ၏။

 ကျုပ်လည်း သူ့အရှိန်ပျက်သွားမည်စိုးသဖြင့်သူ့ကိုနူတ်ဆက်စကားတွေဘာတွေပြောမနေပဲ၊သူ့နောက်ဘက်က အသာအယာကြည့်နေလိုက်သည်လေ။

 ကိုဘုန်းကား တကြောင်းထဲသောသီချင်းကိုထပ်ကာထပ်ကာ ညီးရင်းအလုပ်ကိုလက်စသပ်ချေ၏။ သူ့အလုပ်ပြီးမှကျူပ်က "ဘာတွေစိုက်နေတာလည်း ကိုရင်ဘုန်းရဲ့" လို့စကားစလိုက်မိ၏။ ကိုဘုန်းက "သံပရာပင်ပေါက်လေးတွေပါ အဆွေတော်ရယ်" ဟုစကားပြန်ရင်းရေတွင်းသို့သွားကာ ခြေလက်တို့ကိုဆေးနေ၏။ ကျုပ်လည်းကိုဘုန်း၏ ရေနွေးဝိုင်းတွင်ထိုင်ရင်းတောင်တောင်အီအီ လျောက်ကြည့်နေမိ၏။ကိုဘုန်း၏အိမ်ရှေ့သစ်ပင်တန်းကို ကြည့်ရင်းသွားတွေပင်ကြိမ်းလာသလို ဖြစ်မိချေ၏။

 ထိုစဥ်ကိုဘုန်းရောက်လာပြီးသောက်တန်ကောင်း ရေနွေးတခွက်ကိုသောက်ချလိုက်၏။ ကျုပ်လည်းကိုဘုန်းရာခင်ဗျားသစ်ပင်တန်းကြည့်ရင်း သွားတွေကြိမ်းရပါသဗျာလို့ စကားစလိုက်တော့၊ ဒါကဒီလိုရှိတယ်အဆွေတော်ရီးရဲ့။ ကင်ပွန်းချဥ်၊ မန်ကျည်း၊ ရှောက်၊ သံပရာတွေက အချဥ်တွေချည်းပဲလေ။ အချဥ်ကိုအချဥ်နဲ့ပေါင်းထားတာကောင်းတာပေါ့ဗျာ။ ဒါမှအစဥ်ပြေတော့မပေါ့။ သူတို့ကြားထဲအချိုပင်သွားရောရင် ဘယ်ဓာတ်တဲ့မလဲ။

 ကမ္ဘာ့သတင်းစာမျက်နှာမှာ အဆွေတော်ကြည့်ကြည့် အချဥ်ကိုအချဥ်နဲ့ပေါင်းနေတဲ့အချဥ်ပေါင်းသတင်းတွေ ဖုန်ထောင်းထောင်းထလို့ပါဗျာ။

 ကျုပ်လည်း အခုမှ ကိုဘုန်းရဲ့ မင်းလက်ကလေးကိုင်ချင်လို့ဟို့ကိုရိပ်စား မိတော့သဗျို့။ ကျုပ်တို့ စကစ အကြီးအကဲ မအလကြီးနဲ့ရုရှက ပူတင်ကြီးလက်ဆွဲနူတ်ဆက်နေတဲ့ သတင်းကြီးက ကမ္ဘာ့သတင်းစာမျက်နှာမှာတောမီးပမာကြီးကိုးဗျ။ မအလ ကြီးရဲ့ရပ်တည်ချက်ကြီးကိုလည်း ကွင်းပြင်ထဲချီးထိုင်ပါသလို ပြောင်ပြောင်ကြီးမြင်တွေ့ကြရတာပလေ။

 ဘာတဲ့ မအလ ကြီးက ပူတင်ကြီးကို ကမ္ဘာ့ခေါင်းဆောင်ကြီးလို့သတ်မှတ်တယ်ဆိုသကိုး။ သမာသမတ်ကျသူကြီး၊ ရုရှကို တိုးတက်ခြင်းကြီးစွာယူဆောင်လာသူကြီးရယ်လို့ လည်းဆိုပြန်တာကိုး။ ပြုံးနေပုံကြီးကလည်းတခုခုကိုငုံထားပြီးထွက်ကျသွားမှ ာစိုးနေတဲ့ပုံမျိုးကိုးဗျ။ မအလကြီးကြာသပတေးနံတွေဘာတွေများငုံထားဖို့အခါပေးလိုက်လေသလားပဲ။ ဥပမာအားဖြင့် ပြဒါးရှင်လုံးပေါ့လေနော့။

 ဘာပဲပြောပြော မအလကြီးက မီယမ်မာရဲ့ဝန်ထမ်းပီသပါပေတယ်လို့ ပြောရမှာပဲ။ မီယမ်မာဝန်ထမ်းလောကမှာလည်းဂလိုတွေအများသားရယ်။ အရည်အချင်းမဲ့ပြီးနေရာလိုချင်လာရင် အထက်ဆိုသဟာကြီးကို အတိဿရဝုတ္တိအလင်္ကာတွေအသကုန်ဖွာ ဘာညာဘာညာ။

 ကျုပ်မိတ်ဆွေကြီး ကိုဘုန်းကတော့ မအလကြီးအခုလို လူလုံးထွက်ပြပြီးအခုလို မြန်မာဗီဒီယိုကားတွေထဲက သူဌေးသားမိုက်နောက်လိုက်အထာတွေလုပ်ပြတာ အတော်သဘောကျနေပုံပဲ။ သူပြောတဲ့အထဲ ယူအက်စ်တို့ယူအန်တို့အာစမ်တို့ကို မအလကြီးက သောက်ဖောင်းထုပြလိုက်တာဆိုပဲ။ မီယမ်မာအရေးကို ချီးပေါက်နေတဲ့ကိစ္စနတွေကို မအလကြီးလည်းအားမရတော့ဘူးထင်သဗျတဲ့လေ။

 

ကျုပ်စိုးရိမ်မကင်းဖြစ်မိတဲ့အချက်တော့ရှိတယ် အဆွေတော်ရဲ့လို့ကိုဘုန်းက ကုလတော်ကီးနဲ့စကားဆက်တော့ကျုပ်ပြုံးပြီး နားထောင်နေမိတယ်လေ။ ကိုဘုန်းကဆက်ပြီးပြောတယ်လေ။ မအလ ကကြီးက စီးပွါးရေးဖိုရမ်ဆိုတာကြီးမယ် စျေးဗန်းခင်းသလို၊ ပူတင်ကြီးတို့ကိုလည်းစျေးဗန်းခင်းခဲ့တော့ ဟိုကတကယ်လာပြီးအလုပ်လုပ်တဲ့အခါ မီယမ်မာဆိုတာ ဖော်လန်ဖားတွေပါတကားလို့ သတ်မှတ်လိုက်ရင်ဒုက္ခတဲ့လေ။

 

ပြောပြောဆိုဆို မိတ်ဆွေကြီးကိုဘုန်းက ရေနွေးအိုးကြိုရန်ထသွားချေ၏။ လျှပ်စစ်မီးကားမှန်မှန်ကြီးပျက်နေသည်မို့ထင်းမီးဖြင့်ကြိုရန်ပြင်ဆင်ရင်း"၅၀၀တန်ဂက်စ်မီးခြစ်ကလည်း အကုန်မြန်လာသလားမှတ်ရတယ်အဆွေတော်ရေ့" လို့ညည်းညူနေလေ၏။ ခဏနေတော့မီးလည်းမွှေးပြီး သီချင်းစာသားအပိုင်းအစလေးကိုညီးနေပြန်၏"မင်းလက်ကလေး ကိုင်ချင်လို့ဟို့"။

 

ဪ  အာဂ အာဘုန်းဇာနီရယ်ပါလေ။

 

ဆူးရနံ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10