ကင်းစောင့်ဖို့သွားတဲ့ PDF ၂ ဦး စစ်ကောင်စီစစ်ကြောင်းနဲ့တိုးပြီး အသတ်ခံရ

ကင်းစောင့်ဖို့သွားတဲ့ PDF ၂ ဦး စစ်ကောင်စီစစ်ကြောင်းနဲ့တိုးပြီး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုင်းရိုးကျေးရွာအနီးမှာ ကင်းစောင့်ဖို့သွားတဲ့ PDF ၂ ဦး စစ်ကောင်စီ စစ်ကြောင်းနဲ့တိုးပြီး သတ်ဖြတ်မီးရှို့ခံခဲ့ရတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၇ ရက်မနေ့ကမနက် ၁၁ နာရီခန့်မှာ ဒေသခံပြည်သူတွေအတွက် ကင်းစောင့်ပေးဖို့သွားတဲ့ PDF ၂ ဦးဟာ အင်အား ၁၅၀ လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့တိုးပြီး ဖမ်းဆီးသတ်ဖြတ်မီးရှို့ခံလိုက်ရတာလို့ Kanbalu Underground Warriors တပ်ဖွဲ့တာဝန်ခံ ရဲဘော်အုပ်ကြီးက ပြောပါတယ်။

"သူတို့ ကင်းသွားယူတာမှာ စကစ စစ်ကြောင်းနဲ့ တည့်တည့်တိုးတာလို့ ပြောရမှာပေါ့။ ရဲဘော် ၂ ဦးကို သူတို့တွေက ဖမ်းဆီးပြီး သတ်ဖြတ်လိုက်တယ်။ ပြီးတော့ ဒေသခံပိုင်တဲ့ ထွန်စက်ပေါ်တင်ပြီး မီးရှို့လိုက်တယ်" လို့ ပြောပါတယ်။

ကျဆုံးရဲဘော် ၂ ဦးဟာ Kanbalu Underground Warriors တပ်ဖွဲ့က အသက် ၂၃ နှစ်နဲ့ ၃၃ နှစ်အရွယ် အမျိုးသား ၂ ဦးဖြစ်ပြီး လက်ရှိမှာ နာရေးကိစ္စလုပ်ပေးဖို့ စီစဥ်နေကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီအဖွဲ့ဟာ လမ်းမှာတွေ့တဲ့ အင်းလယ်ကြီးကျေးရွာက ဒေသခံ လူငယ် ၁ ဦးနဲ့ အမျိုးသမီးငယ် ၁ ဦးကိုလည်း ဖမ်းဆီးစစ်ဆေးပြီးနောက် ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

PDF တွေ စီးသွားတဲ့ ဆိုင်ကယ် ၁ စီး၊ ဒေသခံ ဆိုင်ကယ် ၁ စီးနဲ့ ထွန်စက် ၁ စီးကိုပါ မီးရှို့လိုက်ပြီး PDF တွေဆီက သေနတ်တလက်ကိုပါ စစ်အုပ်စုက သိမ်းဆည်းသွားခဲ့ပါတယ်။ 

အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ အင်းလယ်ကြီးကျေးရွာကနေ ထွက်လာတာဖြစ်ပြီး PDF ရဲဘော်တွေနဲ့မတွေ့ခင် မနက် ၈ နာရီလောက်မှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။ 

MDF − ကန့်ဘလူ စွန်ရဲအဖွဲ့ဝင်တွေက လက်နက်ငယ်တွေနဲ့ ၁၀ မိနစ်အကြာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ အဲ့ဒီအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ 

"သူတို့က အင်းလယ်ကြီးက အထွက်မှာ ဆိုင်ကယ်စီးလာတဲ့ ပြည်သူ ၂ ယောက်ရဲ့ ဆိုင်ကယ်တွေကို မီးရှို့သွားတာ။ လူတွေကတော့ လွတ်သွားတယ်။ သူ့တို့ အင်းလယ်ကြီးရွာအနီး အရှေ့တောင်ဘက်ရောက်တော့ ကျနော်တို့က လိုက်ပစ်တာ။ ပြန်လှန်ပစ်ခတ်တာတွေ ရှိတယ်။ မြင်ရသူအချို့ ပြောစကားအရဆိုရင် သူတို့ဘက်က ထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်လို့  ပြန်ပြောကြတယ်" လို့ ပြောပါတယ်။

 ဖေဖော်ဝါရီလ ၁၅ ရက် ညနေပိုင်းမှာလည်း အင်းလယ်ကြီးကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေ ဆည်တိုကွင်းနားမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါသေးတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10