ကင်းပုန်းဝပ်တဲ့နေရာကို ကင်းပတ်လာတဲ့ ရဲတွေ ပစ်ခတ်ခံရပြီး ၄ ဦးသေ သေနတ် ၄ လက်ရ

ကင်းပုန်းဝပ်တဲ့နေရာကို ကင်းပတ်လာတဲ့ ရဲတွေ ပစ်ခတ်ခံရပြီး ၄ ဦးသေ သေနတ် ၄ လက်ရ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့မှာ ကင်းပတ်လာတဲ့ ရဲတပ်ဖွဲ့နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အထူးကွန်မန်ဒိုတပ်ရင်း၊ ရိုးမ ၂ စစ်ကြောင်းက နိုဝင်ဘာ ၂၂ ရက်က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၄ ရက် ညနေ ၄ နာရီခွဲခန့်မှာ ဇေယျဝတီမြို့၊ ဆင်းမွတ်တောရွာအနီး ကင်းပုန်းဝပ်နေတဲ့ ကွန်မန်ဒိုရဲဘော်တွေရဲ့နေရာကို ရဲတပ်ဖွဲ့ဝင် ၄ ဦး၊ အုပ်ချုပ်ရေးမှူး ၁ ဦးတို့ ဆိုင်ကယ် ၃ စီးနဲ့ ကင်းပတ်လာတဲ့အတွက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

" ၅ မိနစ်လောက်ပဲ ပစ်ခတ်မှုရှိခဲ့ပါတယ်။ ရဲတယောက် လွတ်သွားတယ်။ မြေပြင်အနေအထားအရ ထုတ်ပြန်ရတာ နောက်ကျတာပါ "တပ်ရင်းတာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

ထိတွေ့တိုက်ပွဲအတွင်း တောင်ငူအမှတ် ၂ ရဲစခန်းမှ ဒုရဲအုပ် နေဝင်းထွန်းအပါအဝင် ရဲ ၃ ဦး၊ ကင်းလှည့် ပတ်ရာမှာ လိုက်ပါလာတဲ့ ဆင်းမွတ်တောရွာအုပ်ချုပ်ရေးမှူးတို့ သေဆုံးခဲ့ပြီး ရဲ ၁ ဦး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုအတွင်း BA 63(G-3) သေနတ် ၂ လက်၊ AK-47 သေနတ် ၁ လက်၊ ခြောက်လုံးပြူးသေနတ် ၁ လက်၊ ၇.၆၂ မမ ကျည်  ၁၂၁ တောင့်၊ ၃၈၀ မဂ္ဂနပ်ကျည် ၁၅ တောင့် ကျည်ကာ ၁ ထည် ၊ မှတ်ပုံတင်နဲ့ တပ်ဖွဲ့ဝင်ကတ်တို့လည်း သိမ်းဆည်းရရှိခဲ့ပြီး နှစ်ဘက်ပစ်ခတ်မှုအတွင်း  ရိုးမ-၂ စစ်ကြောင်းက ရဲဘော်တဦး နဖူးရှပ်ထိကာ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ဖြူး #ရဲတပ်ဖွဲ့ #ပစ်ခတ်ခံရ #၄ဦးသေဆုံး #လက်နက်ခဲယမ်း #သိမ်းဆည်းရမိ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10