ကင်းပုန်းဝပ်ဖို့လာတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ၃ ဦးသေဆုံးဟုဆို

ကင်းပုန်းဝပ်ဖို့လာတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ၃ ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် စက်မှု ၁ မှာ ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို ကင်းပုန်းဝပ်ဖို့လာချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ Farmers Revolution Force 3 မုံရွာခရိုင်တပ်ရင်း ၁၀ ဆီက သိရပါတယ်။

 

အင်အား ၂၀ နီးပါးပါတဲ့ စစ်ကောင်စီအဖွဲ့ဟာ ဇူလိုင်လ ၃ ရက် နေ့လယ်ပိုင်းမှာ ကံသာရွာဇရပ်အနီး ကင်းပုန်းဝပ်ဖို့လာချိန် ကံသာရွာနဲ့ တောကျောင်းရွာကြားအရောက်မှာ ပဒေသာမိုင်း ၄ လုံးတွဲနဲ့ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

 

“သူတို့စစ်ကြောင်းတွေက ပေါင်းဝမှာရောက်နေတာ။ အဲဒီစစ်ကြောင်းက ဆားလင်းကြီးထဲကို လာဖို့ အတွက် သူတို့က ကင်းပုန်းကြိုယူထားကြတာ။ ကျနော်တို့ မိုင်း ၂ ပွိုင့်ဆွဲလိုက်တော့ သူတို့ဘက်က သေဆုံးတာတွေ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်”လို့ Farmers Revolution Force 3 မုံရွာခရိုင်တပ်ရင်း ၁၀ မှ ဗိုလ်ဒေါင်းမာန် က မြေလတ်အသံကို ပြောပါတယ်။

 

ဒီမိုင်းဆွဲတိုက်ခိုက်မှုကို Chindwin Fighter Group၊ Farmers Revolution Force 3 မုံရွာခရိုင်တပ်ရင်း ၁၀၊ သေမင်းတမန်ပြောက်ကျားတပ်ဖွဲ့၊ မျိုးဆက်သစ်၊ Salingyi Revolution Army တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာပါ။ 

 

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေတွေနဲ့ ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ 

 

မိုင်းဆွဲတိုက်ခိုက်ပြီးတဲ့နောက်မှာ အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဟာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး ဆားလင်းကြီးဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။ 

 

ဒါ့အပြင် ဇူလိုင် ၃ ရက် တရက်တည်းမှာပဲ Farmers Revolution Force 3 မုံရွာခရိုင်တပ်ရင်း ၁၀ တပ်ဖွဲ့ဟာ မုံရွာမြို့နယ်၊ ပေါင်းဝကျေးရွာကိုလာတဲ့ စစ်ကောင်စီမော်တော်ကို ခြုံခိုတိုက်ခိုက်ခဲ့ရာ မော်တော်အင်ဂျင်ကို ထိမှန်သွားသလို မော်တော်မှာလိုက်ပါလာတဲ့ စစ်ကောင်စီတပ်သားတွေလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဗိုလ်ဒေါင်းမာန်က ဆက်ပြောပါတယ်။ 

 

အဲ့ဒီနောက် ဇူလိုင်လ ၄ ရက်မှာတော့ စစ်ကောင်စီတပ်တွေက ကံသာရွာလမ်းပိုင်းတွေမှာ ကင်းပုန်းဝပ်ပြီး ဖမ်းဆီးစစ်ဆေးတာမျိုးတွေ ပြုလုပ်ခဲ့ကြသေးတယ်လို့ ဆိုပါတယ်။ 

 

ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်ကလည်း FRF 3 တပ်ဖွဲ့ဟာ မုံရွာနမခကိုထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ပဒေသာမိုင်း ၅ လုံးနဲ့ တိုက်ခိုက်ခဲ့ပြီး ထိတွေ့ပစ်ခတ်မှု ၃ မိနစ်လောက် ဖြစ်ပွားခဲ့ပါသေးတယ်။ 

 

စာတည်း - လင်း

 

#မြေလတ်အသံ

#စစ်ကိုင်း #ဆားလင်းကြီး #စစ်ကောင်စီ #မိုင်းဆွဲတိုက်ခိုက် #သေဆုံးမှုရှိ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10