ကင်းပုန်းဝပ်ဖို့လာတဲ့ ပြည်သူ့စစ်တွေထဲက တဦးကို PDFက အရှင်ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းရွာ တောင်ဘက်ကို ကင်းပုန်းဝပ်ဖို့လာတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေထဲကတဦးကို  အရှင်ဖမ်းမိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

သြဂုတ် ၂၄ ရက် မနေ့ မနက် ၁၁ နာရီခွဲလောက်မှာ မြင်းချင်းရွာက ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၄ ဦးဟာ ရွာတောင်ဘက် ဖတ်သမ်းကုန်းဘက်ကို ကင်းပုန်းဝပ်ဖို့လာချိန် ဖရဲသီးသတင်းပေးမှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ကြိုတင်သွားရောက်စောင့်ဆိုင်းခဲ့ကြတာလို့ ဗိုလ်မိကျောင်း PDF အဖွဲ့ဝင်တဦးက ဆိုပါတယ်။

အဲ့ဒီနောက် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၄ ဦးနဲ့ ဖတ်သမ်းကုန်းမရောက်ခင် ကာကွယ်ရေးတပ်ဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပြီး အသက် ၅၀ ဝန်းကျင်အရွယ်ပြည်သူ့စစ်အဖွဲ့ဝင် ဦးမြင့်လင်းကို အရှင်ဖမ်းဆီးရမိခဲ့တာလို့ ပြောပါတယ်။

“ကျနော်တို့ စပစ်ချိန် ၁၅ မိနစ်လောက်ပါပဲ။ အဲ့အချိန်အတွင်းမှာပဲ ရအောင်ဖမ်းယူခဲ့ပါတယ်။ ကျနော်တို့ စပြီးပစ်ခတ်ချိန်မှာ သူတို့အတွက် ပစ်ခတ်ချိန်မရဘူး။ မြင်းချင်းရွာထဲကို အတင်းပြေးဝင်သွားကြတယ်။ ကျနော်တို့ ပြန်ဆုတ်ချိန် သူတို့အင်အားစုပြီး သူတို့လူကယ်ဖို့ ရွာအပြင်ကို အတင်းထွက်ပြီး ပစ်ခတ်ခဲ့ပါတယ်။”လို့ ဗိုလ်မိကျောင်း PDF အဖွဲ့ဝင် ကိုနေမာက ပြောပါတယ်။

ဖမ်းဆီးရမိထားတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်ကို NUG MOD လက်အောက်ခံ ရွှေဘိုခရိုင်၊ တပ်ရင်း ၄နဲ့ မြင်းချင်းကျေးရွာ ပကဖတို့ဆီ ဗိုလ်မိကျောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုကို ဗိုလ်မိကျောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့အပြင် ရွှေဘိုမြို့နယ် ပလဖ၊ မဟူရာရွှေဘိုသား၊ ဒေါင်းမာန်၊ ဒေါင်းစစ်သည်၊ Shwebo Federal Army၊ ရွှေဘိုအားမာန်၊ ဘိုမဟာ၊ Snake Eyes၊ ရွှေဘိုစွန်ရဲ၊ ဇေယျာသွေး၊ Flying Dragon Force ပြည်သူ့ကာကွယ်ရေး စတဲ့ ၁၂ ဖွဲ့က ရဲဘော် ၁၅ဦးနီးပါးနဲ့ တိုက်ခိုက်ခဲ့ကြတာပါ။

ဗိုလ်မိကျောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ သြဂုတ် ၁၉ ရက်ကလည်း ရှေ့တန်းက ပြန်လာတဲ့ ပျူစောထီးတပ်ဖွဲ့ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်ခဲ့ပါသေးတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘိုသတင်း #ပြည်သူ့စစ် #အရှင်ဖမ်းမိ #ဗိုလ်မိကျောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10