ကင်းယူဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ပစ်ခံရလို့ ၄ ဦးသေ၊ သေနတ် ၅ လက် PDF ရရှိ

ကင်းယူဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ပစ်ခံရလို့ ၄ ဦးသေ၊ သေနတ် ၅ လက် PDF ရရှိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ချင်မြစ်ကျင်း - ကာဘိုးလမ်းပိုင်းကို ကင်းယူဖို့ထွက်လာတဲ့ ပျူစောထီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရပြီး ၄ ဦးသေဆုံးကာ သေနတ် ၅ လက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းရရှိခဲ့တယ်လို့ ကန့်ဘလူခရိုင်တပ်ရင်း ၄ ဆီက သိရပါတယ်။

ချင်မြစ်ကျင်းရွာကနေ ဆိုင်ကယ် ၄ စီးနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပျူစောထီးတပ်ဖွဲ့ဝင် ၈ ဦးဟာ ထွက်လာတဲ့ရွာကနေ ၁ မိုင်ကျော်အကွာက ညောင်ပင်ဆိပ်ရွာမြောက်ဘက်အရောက်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးသွားခဲ့ပါတယ်။

သေဆုံးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီကနေ G3 ၃ လက်၊ ကာဘိုင် ၂ လက်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

"အဲ့ဒီလမ်းဟာ စကစ ထိန်းချုပ်ထားတဲ့လမ်းကြောင်းဖြစ်ပြီး အမြဲတမ်းအသွားအလာရှိပါတယ်ဗျ။ အဲ့တာကြောင့် ကြိုတင်နေရာယူပြီး တိုက်ခိုက်ခဲ့တာပါ။ သေဆုံးတာတွေက ရဲဘော်တွေကိုယ်တိုင် မျက်မြင်ပါ" လို့ ကန့်ဘလူခရိုင်တပ်ရင်း ၄ ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဒရုန်းတွေနဲ့ လာရောက်ပစ်ကူပေးခဲ့တယ်လို့ ဆိုပါတယ်။ 

တိုက်ခိုက်မှုကို ကန့်ဘလူခရိုင် အမှတ်(၄)တပ်ရင်းနဲ့ နယ်မြေခံ ပကဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့လမ်းပိုင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လုံခြုံရေးတွေ တိုးမြှင့်ထားတယ်လို့ ဆိုပါတယ်။

ကန့်ဘလူခရိုင် အမှတ်(၄) ပူးပေါင်းတပ်ဖွဲ့ဟာ ဇန်နဝါရီ ၄ ရက် ညပိုင်းလောက်ကလည်း ကျောက်ဆည်ကန်ရွာ အနောက်ဘက်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီ နဲ့ ပျူစောထီးတပ်သားတွေကို လက်လုပ်ရှော့တိုက်ဒုံး (၈)လုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကန့်ဘလူမြို့ #ချင်မြစ်ကျင်း #ကာဘိုး #ပျူစောထီး #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10