ကတုတ်ကျင်းနက်နက်တူးထားတဲ့ ပြင်ဦးလွင်က စစ်တပ်ခံစစ်နဲ့  မြို့ကိုစွန့်ခွာနေတဲ့ တပ်မိသားစုဝင်တွေ (ဆောင်းပါး)

ကတုတ်ကျင်းနက်နက်တူးထားတဲ့ ပြင်ဦးလွင်က စစ်တပ်ခံစစ်နဲ့  မြို့ကိုစွန့်ခွာနေတဲ့ တပ်မိသားစုဝင်တွေ (ဆောင်းပါး)

ရှမ်းမြောက်၊ လားရှိုးမြို့နဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ကျသွားပြီးနောက် ရှမ်းမြောက်နဲ့ မန္တလေးတိုင်းအစပ်ရှိ စစ်တပ်မြို့လို့ခေါ်ဆိုတဲ့ ပြင်ဦးလွင်မြို့ကို တော်လှန်ရေးတပ်တွေ ဝင်တိုက်မယ့်သတင်းတွေကို စစ်ကောင်စီတပ်အရာရှိတွေ ခန့်မှန်းရရှိထားပြီး ကတုတ်ကျင်းတူး ခံစစ်ပြင်ဆင်မှုတွေ လုပ်ဆောင်နေသလို တပ်မိသားစုဝင်တွေလည်း မြို့ကိုစွန့်ခွာနေကြပြီလို့ ပြင်ဦးလွင်တပ်အသိုင်းအဝိုင်းထံက သိရပါတယ်။

ပြင်ဦးလွင်က စစ်ကောင်စီတပ်ရင်းတွေမှာ တိုက်ပွဲတွေအတွက် ခံစစ်အသီးသီးပြင်ဆင်နေကြသလို အနီးစခန်း လေဆိပ်မှာလည်း တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီးထက်မနည်း အရံသင့်ပြင်ဆင်ထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြင်ဦးလွင်တပ်နယ်က တာဝန်ထမ်းဆောင်ဆဲ တပ်အရာရှိတဦးက ပြောပါတယ်။

" စနေနေ့ စောင့်ကြည့်ရမှာပဲ။ အရင်တခါ လားရှိုးတုန်းကတော့ သတင်းမှန်တယ်။ အခုတော့ ဘယ်လိုလာမလဲ မသိဘူး"လို့ အဲ့ဒီအရာရှိက ပြောပါတယ်။ 

ပြင်ဦးလွင်မြို့နယ်ဟာ မြန်မာနိုင်ငံရှိ စစ်တပ်အများဆုံးမြို့နယ်ထဲက တခုဖြစ်ပြီး ခြေလျင်၊ ခြေမြန်တပ်ရင်းနဲ့ လက်ရုံးတပ်တွေအပြင် စစ်သားအင်အားဖွဲ့စည်းပုံ ထောင်နဲ့ချီရှိကာ ဗိုလ်ချုပ်နဲ့ ဗိုလ်မှူးချုပ်အဆင့်တွေ အုပ်ချုပ်တဲ့ DSA၊ DSTA၊ တပ်မတော်အုပ်ချုပ်မှုကျောင်း၊ တပ်မတော်သိပ္ပံနှင့်နည်းပညာသုတေသနဌာန၊ အမှတ် ၁ ကုတင် ၇၀၀ စစ်ဆေးရုံစတဲ့ လေ့ကျင့်ရေးကျောင်းနဲ့ တပ်တွေတည်ရှိတာဖြစ်ကာ လက်ရှိပြင်ဦးလွင်တပ်နယ်မှူးဟာ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်ချုပ် စိုးမြတ်ထွဋ် ဖြစ်ပါတယ်။

မတ္တရာမြို့နယ်ကနေ ပုသိမ်ကြီးမြို့နယ်အတွင်း ထိုးဖောက်တိုက်ခိုက်လာတဲ့ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေနေ့စဥ်ဖြစ်နေသလို တံတားဦးနဲ့ ကျောက်ဆည်ဘက်ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေ ဝင်မယ့်သတင်းတွေဟာ ၎င်းတို့စစ်တပ်အသိုင်းအဝိုင်းအတွင်း ပျံ့နှံ့နေတယ်လို့ ဆိုပါတယ်။

ဒီစစ်ရေးလှုပ်ရှားမှုပုံစံဟာ ပြင်ဦးလွင်မြို့ကို PDF တွေ ဝင်တိုက်ချိန် မန္တလေးဘက်ကနေ စစ်ကောင်စီတပ်တွေရဲ့ စစ်ကူမလာနိုင်ရေးအတွက် မန္တလေး-ပြင်ဦးလွင် လမ်းပိုင်းကို ဖြတ်တောက်ဖို့ PDF တွေက ကြိုးစားတာဖြစ်နိုင်တယ်လို့ အဆိုပါတပ်အရာရှိက သုံးသပ်ပါတယ်။

မန္တလေးတောင်ဘက်ခြမ်းမြို့တွေဖြစ်တဲ့ တံတားဦးနဲ့ ကျောက်ဆည်ဘက်ကနေ တော်လှန်ရေးတပ်တွေ ဝင်နိုင် ကြောင်း သုံးသပ်မှုတွေရှိနေပေမယ့် အဲ့ဒီဘက်တွေကို စစ်တပ်က အင်အားအလုံးအရင်းချပြီး ကာထားနိုင်တဲ့ အနေအထားတော့ မဟုတ်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လေတပ်ရှိတဲ့ တံတားဦးမြို့မှာ ကြိုတင်အင်အားချစောင့်ကြည့်လေ့ရှိတဲ့ လေတပ်အနီး အမေဂျမ်းတောင်ပေါ်မှာ အခုရက်တွေအတွင်း ထူးခြားမှုမျိုး မတွေ့ရဘဲ မူလအတိုင်းအင်အားအနည်းငယ်သာရှိတယ်လို့ တံတားဦးဒေသခံတွေက ဆိုပါတယ်။

အလားတူ ပြင်ဦးလွင်အနီးက စစ်ကောင်စီလက်အောက် ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ရှိတဲ့ ဇီးပင်ကြီးရွာမှာ တိုက်ပွဲတွေဖြစ်လာနိုင်လို့ ဒေသခံတွေရှောင်တိမ်းထားကြဖို့ သတင်းတွေလည်း ထွက်ပေါ်နေ တယ်လို့ သိရပါတယ်။

" ရွာထဲကို စာကြဲချတယ်လို့ ပြောတယ်။ စနေနေ့တိုက်မယ်လို့ သတင်းတွေရထားတယ်" လို့ ပြင်ဦးလွင် စစ်တပ်အသိုင်းအဝိုင်းနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ဇီးပင်ကြီး ဝန်ထမ်းလေ့ကျင့်ရေးကျောင်းမှာလည်း သင်တန်းသားဌာနဆိုင်ရာဝန်ထမ်းတွေကို စစ်သင်တန်း ပို့ချနေချိန်ဖြစ်ပြီး အဲဒီဝန်ထမ်းတွေကိုလည်း စာရွက်စာတမ်းတွေသိမ်းဆည်းထားကြဖို့ သင်ကြားရေး ဆရာတွေက သတိပေးထားတယ်လို့ ဇီးပင်ကြီးကျောင်းနဲ့နီးစပ်သူတွေထံက သိရပါတယ်။

" မပြန်ခိုင်းသေးဘူး။ အဲဒီက ပါမောက္ခတွေက (သင်တန်းသားတွေ)သတိထားကြဖို့ သတိပေးထားတယ်။ တနေ့ (အင်္ဂါနေ့) ညနေကတည်းက မြို့ထဲမှာ သတင်းတွေပျံ့နေပြီ "လို့ ပြင်ဦးလွင်မြို့ခံတဦးက ပြောပါတယ်။

ဒီသတင်းဟာ ပြင်ဦးလွင်ကတပ်တွေအားလုံးဆီလည်း ပျံ့နှံ့နေပေမယ့် ဇီးပင်ကြီးကို လုံခြုံရေးသွားဖို့ စေလွှတ်နိုင်တာမျိုး မရှိသလို တပ်တွေအားလုံးကလည်း ဝင်ရောက်တိုက်ခိုက်ခံရမယ်လို့ သတင်းထွက်နေတဲ့ စနေနေ့ကိုပဲ စောင့်ကြည့်နေရတယ်လို့ ပြင်ဦးလွင်ကစစ်တပ်အရာရှိတဦးက ပြောပါတယ်။

ပြင်ဦးလွင်မှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတဲ့ တိုက်ပွဲသတင်းတွေနဲ့ မြေပြင်အခြေအနေတွေကြောင့် ပြင်ဦးလွင်ရှိ စစ်တပ်အကြီးပိုင်းအရာရှိမိသားစုဝင်တွေအပါအဝင် တပ်မိသားစုဝင်တွေဟာ မိတ္ထီလာ၊ နေပြည်တော်နဲ့ ရန်ကုန်မြို့တွေကို အရေးပေါ်ပြောင်းရွှေ့နေကြတယ်လို့ သိရပါတယ်။

“ မြို့ထဲမှာနေတဲ့ တပ်မိသားစုတွေ ရန်ကုန်ကို ပြောင်းကြတယ်။ တော်တော်များများ ကိုယ့်အစီအစဉ်နဲ့ကိုယ် ရွှေ့နေကြတယ်” လို့ ပြင်ဦးလွင်စစ်တပ် အသိုင်းအဝိုင်းနဲ့နီးစပ်သူ မြိုခံတဦးက ပြောပါတယ်။

ပြင်ဦးလွင်မြို့ခံတွေနဲ့ မန္တလေးနဲ့ပြင်ဦးလွင်ရှိ တော်လှန်ရေးအင်အားစုတွေဘက်က မြေပြင်ကင်းထောက်တွေ ပြောဆိုချက်အရ ပြင်ဦးလွင်က စစ်တပ်မိသားစုဝင်အများအပြား ဩဂုတ် ၇ ရက် ယမန်နေ့မှာ အိမ်စီးကားတွေနဲ့ ပြင်ဦးလွင်ကနေ ထွက်ခွာနေကြတယ်လို့ ဆိုပါတယ်။

မိတ္ထီလာတပ်နယ်က တပ်သတင်းရင်းမြစ်တဦးကတော့ ပြင်ဦးလွင်တပ်နယ်အတွင်းက စွန့်ခွာပြောင်းရွှေ့ လာတဲ့ တပ်မိသားစုဝင်တွေကို ရှမ်းတဲလေတပ်မှာ ယာယီခိုလှုံနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားတယ်လို့ ပြောပါတယ်။

ပြင်ဦးလွင်ရှိ စစ်ကောင်စီတပ်တွေအတွင်းမှာတော့ လက်ရှိတိုက်ပွဲသတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး ထူးထူးခြားခြားအမိန့်ချမှတ်တာမျိုးမရှိသေးဘဲ အရင် ၁၀၂၇ ပထမလှိုင်းကာလက ညွှန်ကြားချက်ဖြစ်တဲ့ “ကတုတ်ကျင်းနက်နက်တူးဖို့” သာ လုပ်ဆောင်နေရတယ်လို့ ပြင်ဦးလွင်ရှိ စစ်ဗိုလ်တဦးက ပြောပါတယ်။

"အခုထိ ကတုတ်ကျင်းတွေ တူးနေရတုန်းပဲ" လို့ သူက ဆိုပါတယ်။

#မြေလတ်အသံ

#ဆောင်းပါး #ပြင်ဦးလွင် #၁၀၂၇ဒုတိယပိုင်း #မြို့သိမ်းတိုက်ပွဲ #ခံစစ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10