သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းမှာ CDM ဝင်ထားတဲ့ ဆင်ဦးစီးမိသားစုဝင်တွေနဲ့ ဆင်တွေအတွက် အထောက်အပံ့တွေမရှိလို့ စားဝတ်နေရေးအခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။
ဆင်ဦးစီးတွေဟာ ဆင်တွေကို စေတနာ့ဝန်ထမ်းသဘောမျိုး ထိန်းကျောင်းပေးနေရတာဖြစ်သလို တဖက်မှာလည်း စားဝတ်နေရေးအတွက် တောင်ယာလုပ်ကိုင်နေရပြီး ယခင်ကတည်းက အလှူရှင်မရှိတဲ့အတွက် လက်ရှိမှာ ကျောက်လုံးကြီးတပ်နဲ့ အလှူရှင်တချို့ရဲ့ထောက်ပံ့မှုသာရှိပြီး လုံလောက်မှုမရှိကြဘူးလို့ ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KLG - PDF အဖွဲ့ဆီက သိရပါတယ်။
"အဓိကကတော့ သူတို့ရဲ့စားဝတ်နေရေးနဲ့ ကျန်းမာရေး အဓိကခက်ခဲနေတာပါ။ စားဝတ်နေရေးခက်ခဲနေရင် သူတို့က ဆင်တွေကိုစွန့်ပြီး နေရပ်ပြန်မယ်လို့ ဆိုပေမယ့် စားဝတ်နေရေးအထောက်အပံ့ရရင်တော့ ဆင်တွေကိုဆက်ပြီး ထိန်းကျောင်းသွားကြမှာပါ" လို့ ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KLG - PDF ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
အခုနှစ် ဇန်နဝါရီလ ၂၁ ရက်ကတော့ CDM ဆင်ဦးစီးမိသားစုဝင်တွေကို ကျောက်လုံးကြီး KLG တပ်မဟာအဖွဲ့က ဆန် ၁ တင်းခွဲ ၃၂ အိတ်၊ ကနီမြို့ ပြည်သူတွေက ငွေ ၄ သိန်း ၅ ထောင်ကျပ် နဲ့ ကနီမြို့နယ်လူသားချင်းစာနာအဖွဲ့က ကျပ်သိန်း ၁၀၀ သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့လည်း သိရပါတယ်။
"ဆင်တွေမထိန်းသိမ်းနိုင်လို့ စွန့်လွှတ်လိုက်မယ်ဆိုရင် ယဥ်ပါးနေတဲ့အဆင့်ကနေ အရိုင်းဘဝကိုပြန်ရောက်သွားမယ်။ တောထဲမှာ ကျင်လည်ကျက်စားရင်းနဲ့ မတော်သူနဲ့တွေ့ရင် သူတို့(ဆင်)အသက်အန္တရာယ်ကလည်း စိုးရိမ်ရတယ်။ ပြီးတော့လူတွေရဲ့စိုက်ခင်းတွေရှိရင်လည်း မတော်တဆဆုံးရှုံးနိုင်တယ် ပြည်သူတွေလှူဒါန်းပေးကြပါ" လို့ ဒေသခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က ဆင်များကျန်းမာရေးချို့ယွင်းချိန်မှာ ဆေးဝါးမရှိတဲ့အတွက် ဆင်ကြီး ၁ ကောင် သေဆုံးခဲ့ရပါသေးတယ်။
ဆင်ဦးစီးတွေနဲ့ ဆင်ကြီးတွေဟာ ယခင်က ကနီမြို့နယ်သစ်တောဦးစီးဌာနက ဖြစ်ပြီး စစ်အာဏာသိမ်းပြီးကတည်းက CDM ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ကနီမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်ထဲမှာ အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းမြေရှိပြီး ယခင်အစိုးရအဆက်ဆက် သစ်တောဦးစီးဌာနက သစ်ထုတ်လုပ်ရာမှာ ဆင်တွေကိုအသုံးပြုခဲ့တာလည်း ဖြစ်ပါတယ်။
ကနီမြို့နယ်က တောတွင်းတနေရာမှာ ဆင်ကြီး ၃၅ ကောင်နဲ့ဆင်ပေါက် ၁ ကောင်ရှိပြီး ဆင်ဦးစီးမိသားစုဝင် ၁၀၃ ဦးရှိနေတာ လို့ သိရပါတယ်။
စာတည်း - 007
#မြေလတ်အသံ
#စစ်ကိုင်း #ကနီ #ယင်းမာပင် #ဆင်ဦးစီး #ဆင် #သစ်တောဦးစီးဌာန #အလောင်းတော်ကဿပ #CDM
Share Share Share