ကနီပညာရေးတာဝန်ခံမိသားစု အသတ်ခံရတဲ့ အမှုမှန်ပေါ်ပေါက်ရေး ဆန္ဒဖော်ထုတ်

ကနီပညာရေးတာဝန်ခံမိသားစု အသတ်ခံရတဲ့ အမှုမှန်ပေါ်ပေါက်ရေး ဆန္ဒဖော်ထုတ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ပညာရေးတာဝန်ခံ ဦးဝင်းဌေးတို့မိသားစု အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ဒီဇင်ဘာ ၅ ရက်မနက်ပိုင်းမှာ ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ ဦးဆောင်ပါဝင်သူတဦးဆီက သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကနီမြို့နယ်ပညာရေးတာဝန်ခံ ဦးဝင်းဌေးတို့မိသားစု အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျောင်းသား၊ ကျောင်းသူတွေနဲ့ ပညာရေးမိသားစုတွေ၊  ဒေသခံပြည်သူတွေအပါအဝင် အင်အား ၄၀၀ ကျော်က မနက် ၁၀ နာရီခန့်မှာ ဆန္ဒဖော်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

" အမှုက စစ်နေတယ်။ ပြည်သူတွေက ဘာမှမသိရပါဘူး။ ဒီအမှုက သမားရိုးကျအမှုမျိုး မဖြစ်နိုင်ပါဘူး။ ပြည်သူတွေက ကြောက်ရွံ့ထိတ်လန့်မှုတွေ ရှိနေပါတယ်။ အမှုမှန်အမြန်ဆုံးပေါ် ပေါက်ဖို့ အခုလိုလှုပ်ရှားမှုလုပ်ရတာပါ" လို့ ဦးဆောင်ပါဝင်သူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ နိုဝင်ဘာ ၄ ရက် ညပိုင်းမှာ ကနီမြို့နယ်ပညာရေးတာဝန်ခံတဦးလည်းဖြစ်သလို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးလည်းဖြစ်သူ ဦးဝင်းဌေး၊ ဇနီးဖြစ်သူ မခြိမ့်ခြိမ့်သဲဝေ၊ ၃ လအရွယ် သမီး ရွှေဝတ်ရည်လွှာတို့ ၃ ဦးစလုံးကို တပုန်းကျေးရွာရှိနေအိမ်မှာ လည်ပင်းလှီးဖြတ်ဒဏ်ရာနဲ့ အသတ်ခံခဲ့ရတာပါ။ 

ဆန္ဒထုတ်ဖော်သူတွေက "CDM ကျောင်းဆရာ ဦးဝင်းဌေးမိသားစု သတ်ခံရမှု ဘာလဲ ဘယ်လဲ" ၊"ဦးဝင်းဌေးမိသားစု သတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး အားလုံးကူညီပေး" စာသားပါ ပိုစတာအကြီးအသေးတို့ကို ကိုင်ဆောင်ပြီး မနက် ၁၁ နာရီအချိန်မှာ ဆန္ဒထုတ်ဖော်ပွဲ ပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ဆန္ဒဖော်ထုတ်နေသူတွေကို တွေ့ရစဥ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကနီ #ဦးဝင်းဌေ #လူသတ်မှု #ဆန္ဒဖော်ထုတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10