ကနီမှာ စစ်ကောင်စီရိက္ခာစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ

ကနီမှာ စစ်ကောင်စီရိက္ခာစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ ကနီမြို့မှာ ရိက္ခာပို့လာတဲ့စစ်ကောင်စီစစ်ကြောင်းကို ဖေဖေါ်ဝါရီလ ၁၄ ရက်ဒီနေ့မနက် ၈ နာရီလောက်က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးမှုတွေရှိခဲ့တယ်လို့ KLG PDF ကျောက်လုံးကြီးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
 
ကနီမြို့ပေါ်ကနေ ပျူစောထီးအများစုနေတဲ့အလယ်ကျွန်းရွာကို ရိက္ခာပို့လာပို့တဲ့ လှည်း ၆ စီးအပါအဝင် စစ်သားနဲ့ပျူစောထီးအင်အား ၅၀ ဝန်းကျင်ကို မိုင်း၊လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ခဲ့တာလို့ ဆိုပါတယ်။
 
"ကနီမြို့နဲ့ အလယ်ကျွန်းရွာကြားမှာ တိုက်မိုင်း ၂ လုံးမိသွားလို့ စစ်သားနဲ့ပျူ ၅ ဦးလောက်သေတာမြင်ရတယ်။ ဘယ်က စစ်တပ်ဆိုတာတော့မသိဘူး။ ကျနော်တို့တပ်စိတ်တစိတ်တည်းနဲ့ တိုက်ခိုက်ခဲ့တာပါ၊ တိုက်ခိုက်ပြီးတော့ စစ်ကြောင်းက အလယ်ကျွန်းရွာကိုပဲဆက်သွားတယ်"လို့ ကျောက်လုံးကြီးတပ်က တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။
 
အပြန်အလှန်ပစ်ခတ်ချိန် ၁ နာရီလောက်ရှိပြီး ရိက္ခာတင်လှည်း ၂ စီးလည်း ပျက်စီးသွားတယ်လို့ သူက ဆက်ပြောပါတယ်။
 
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေအနေတွေကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။
 
ဇန်နဝါရီလ ၃၁ ရက်ကလည်း ကျောက်လုံးကြီးတပ်ဖွဲ့ဟာ အခြားမဟာမိတ်တွေနဲ့ပေါင်းပြီး သပြေတောရွာအနီး ချင်းတွင်းမြစ်အတွင်းမှာ သောင်တင်နေတဲ့ရိက္ခာတင်ရေယာဥ်ကို တိုက်ခိုက်ခဲ့လို့ ဒီဇယ်ဆီပေပါ သုံးထောင်ကျော်နဲ့ ဆန်၊ဆီ၊ဆားတွေအပြင် လက်နက်ခဲယမ်းတွေကိုပါ သိမ်းယူနိုင်ခဲ့ပါသေးတယ်။
 
ပုံစာ - ရှေ့တန်းပြန်ကျောက်လုံးကြီးတပ်ဖွဲ့။ (ပုံဟောင်း)
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10