ကန့်ဘလူကဖမ်းဆီးခံရသူ ၆၀ ဦးအနက် အချို့ကိုပြန်လွှတ်ပြီး အမျိုးသား ၁၄ ဦးကိုဖမ်းထားဆဲ

ကန့်ဘလူကဖမ်းဆီးခံရသူ ၆၀ ဦးအနက် အချို့ကိုပြန်လွှတ်ပြီး အမျိုးသား ၁၄ ဦးကိုဖမ်းထားဆဲ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က စစ်ရှောင်နဲ့ ကျေးရွာနေပြည်သူအပါ ၆၀ ဦးကို စစ်တပ်ကဖမ်းဆီးပြီး အချို့ပြန်လွတ်လာပေမယ့် အမျိုးသား ၁၄ ဦးကိုတော့ ဆက်လက်ဖမ်းထားဆဲဖြစ်တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူဆီက သိရပါတယ်။

ကန့်ဘလူမြို့နယ်၊ ပင့်သာတိုက်နယ်၊ အင်းမရွာက အမျိုးသား ၅ ဦးနဲ့ မိဿလင်ကုန်းရွာကအမျိုးသား ၉ ဦးကို ဆက်လက်ဖမ်းထားတာလို့ ဆိုပါတယ်။

"ဒီနေ့(ဇူလိုင် ၇)ထိ အမျိုးသား ၁၄ ဦးက ပြန်လွတ်မလာသေးဘူး ဆက်ပြီးစောင့်ကြည့်ရုံပဲရှိတယ်" လို့ ကျွန်းလှ-ဘန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့တာဝန်ခံက ပြောပါတယ်။

ပြန်လွတ်လာသူတွေဟာ ပင့်သာတိုက်နယ်အင်းမရွာက အမျိုးသမီး ၄ ဦး၊ ကလေး ၃ ဦး၊ စုစုပေါင်း ၇ ဦး နဲ့ မိဿလင်ကုန်းရွာက အလယ်တန်းအဆင့်ကျောင်းသား ၁ဦးအပါ အမျိုးသား ၃၉ ဦးတို့ ဖြစ်တယ်လို့သူက ဆက်ပြောပါတယ်။

ပင့်သာတိုက်နယ်အင်းမရွာက ကလေးငယ် ၃ ဦးအပါ ၇ ဦးကို ဇူလိုင် ၅ ရက်မနက်မှာ ပြန်လွှတ်ပြီး မိဿလင်ကုန်းရွာက ကျေးရွာသား ၃၉ ဦးကိုတော့ ဇူလိုင် ၆ ရက်မှာ ၂ ကြိမ်ခွဲကာ ပြန်လွှတ်ပေးတာလို့ ဆိုပါတယ်။

မိဿလင်ကုန်းရွာကို ဇူလိုင် ၅ ရက်မနက်က ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ရွာမှာ အထိုင်ချတဲ့ ခမရ  ၃၆၃ စစ်ကြောင်းက အင်အား ၅၀ ကျော်နဲ့ စီးနင်းဝင်ရောက်ပြီးနောက် Grade 8 အဆင့်ရှိ ကျောင်းသား ၁ဦးအပါ အမျိုးသား ၄၈ ဦးကို ကိုးတောင်ဘို့အထိုင်စခန်းကို ဖမ်းဆီးသွားတာလို့ သိရပါတယ်။။

ပင့်သာတိုက်နယ်၊ အင်းမရွာကစစ်ရှောင်တွေကိုတော့ ဇူလိုင် ၄ ရက်မနက်မှာ ခမရ ၃၆၁ ကစစ်​သားနဲ့ ပျူစောထီးအပါ အင်အား ၁၀၀ လောက်က ဝင်ရောက်ပြီး အမျိုးသား ၅ ဦး၊အမျိုးသမီး ၄ ဦးနဲ့ ကလေးငယ် ၃ ဦးပေါင်း ၁၂ ဦးကို ကျွန်းလှမြို့ကို ဖမ်ဆီးသွားတာလို့ ဆိုပါတယ်။

ကန့်ဘလူမြို့နယ်ဟာ ပျူစောထီးအားကောင်းတဲ့မြို့နယ်ဖြစ်ပြီး ဘုန်းကြီးဝါသဝဦးဆောင်ကာ စစ်သင်တန်းတွေပို့ချတာရှိသလို ဒေသခံပြည်သူတွေကို ပျူစောထီးထဲဝင်ဖို့ ခြိမ်းခြောက် အကြပ်ကိုင်တာတွေ ပြုလုပ်တဲ့နယ်မြေတခုလည်း ဖြစ်ပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကန့်ဘလူ #စစ်ရှောင် #ဒေသခံ #ဖမ်းဆီးခံရ #ပျူစောထီး

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10