ကန့်ဘလူခရိုင်ထဲက စစ်ရှောင်တွေ မကြာခဏ မြွေကိုက်ခံနေရ

ကန့်ဘလူခရိုင်ထဲက စစ်ရှောင်တွေ မကြာခဏ မြွေကိုက်ခံနေရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲမှာရှိတဲ့ စစ်ရှောင်တွေအပြင် ဒေသခံပြည်သူတွေဟာ မကြာခဏဆိုသလို မြွေကိုက်ခံနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ယမန်နေ့ ဇွန်လ ၈ ရက်က ချပ်သင်းတိုက်နယ်ရှိ အသက် (၂၉) နှစ်အရွယ် စစ်ရှောင်အမျိုးသားတဦးဟာ နေထိုင်ရာ စစ်ရှောင်တဲကို သန့်ရှင်းရေးလုပ်နေချိန် မြွေကိုက်ခံလိုက်ရပြီး BPI မြွေဆိပ်ဖြေဆေး ၄ လုံးထိုးပေးကာ အခြေနေစောင့်ကြည့်နေတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

 

“ဇွန်လထဲမှာတော့ မြွေကိုက်ခံရတာ ၂ ယောက်ပဲရှိပါသေးတယ်။ အခုမြွေကိုက်ခံနေတဲ့သူတွေကလည်း စစ်ရှောင်စခန်းမှာနေတဲ့သူတွေတော့ မဟုတ်ဘူးဗျ။ ရွာထဲမှာမနေရဲလို့ တောထဲမှာ တဲထိုးပြီး စစ်ရှောင်နေကြတဲ့သူတွေပါ။ လက်ရှိမှာတော့ သူတို့ကို ဆေးကုသပေးနေဆဲဖြစ်ပါတယ်။ အခုလို မြွေတွေ ခဏခဏ ကိုက်ခံရတာတွေကို လူတွေစုပြီး ပညာပေးဟောပြောပွဲတွေ လုပ်ဖို့ကလည်း မလွယ်ဘူးလေ ” လို့ သူကဆိုပါတယ်။

 

ဇွန်လ ၆ ရက်ကလည်း ကန့်ဘလူမြို့နယ် ကိုးထောင်ဘို့တိုက်နယ် အတွင်းမှာရှိတဲ့ အသက် (၃၀) အရွယ် ဒေသခံစစ်ရှောင်အမျိုးသားတဦးဟာ ညနေအချိန် လယ်ကွက်ထဲမှာ ချည်ထားတဲ့နွားကို ပြန်လည်ယူဆောင်ချိန် မြွေကိုက်ခံလိုက်ရလို့ အိန္ဒိယ မြွေဆိပ်ဖြေဆေး ၄ လုံး ထိုးပေးလိုက်ရပြီး အခြေနေကို စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

 

ပြီးခဲ့တဲ့ မေလ အတွင်းမှာ ကန့်ဘလူခရိုင်ထဲက မြွေကိုက်ခံရသူ ပြည်သူ ၈ ဦး အထိရှိခဲ့ပြီး အဲဒီထဲမှာမှ အသက် (၂၅) နှစ်အရွယ် အမျိုးသားတဦး နဲ့ အသက် (၃၈)နှစ်အရွယ် အမျိုးသမီးတဦးတို့ဟာ စောင့်ကြည့်နေရတဲ့ အနေအထားမှာ ရှိနေတယ်လို့လည်း ဆိုပါတယ်။

 

စစ်ကောင်စီ အာဏာသိမ်းပြီး နောက်ပိုင်းကနေ ယနေ့အထိ ကန့်ဘလူခရိုင်ထဲက မြွေကိုက်ခံရတဲ့ စစ်ရှောင်ပြည်သူ အမျိုးသား ၅၄ ဦးနဲ့ အမျိုးသမီး ၁၉ ဦး အထိရှိခဲ့ပြီး အဲဒီအထဲကမှ  အမျိုးသား ၃ ဦးနဲ့ ၉ နှစ်ခန့်ရှိ ကလေး ၂ ဦး တို့သေဆုံးခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။

 

စာတည်း - 007

 

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကန့်ဘလူ #ကိုးတောင်ဘို့ #ချပ်သင်း #မြွေအန္တရာယ် #သေဆုံးမှု

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10