ကန့်ဘလူနယ်က ပျူစောထီးစခန်းသိမ်းတိုက်ပွဲမှာ ပျူစောထီး ၅ ဦးကို အရှင်ဖမ်းမိခဲ့၊ PDF တဦးသေဆုံး

ကန့်ဘလူနယ်က ပျူစောထီးစခန်းသိမ်းတိုက်ပွဲမှာ ပျူစောထီး ၅ ဦးကို အရှင်ဖမ်းမိခဲ့၊ PDF တဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ယမနေရွာပြင်မှာရှိတဲ့ ပျူစောထီးစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက သြဂုတ်လ ၁၂ ရက် မနေ့ကမနက် ၅ နာရီလောက်မှာ စခန်းသိမ်းတိုက်ပွဲ သွားရောက်ဖော်ဆောင်ခဲ့စဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး ပျူစောထီးအဖွဲ့ဝင်တချို့ကိုလည်း အရှင်ဖမ်းမိခဲ့တယ်လို့ ကာကွယ် ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ဒါ့အပြင် အဆိုပါ စခန်းသိမ်းတိုက်ပွဲဖြစ်ပွားနေစဉ် မနက်  ၇ နာရီကျော်လောက်မှာ ဂျက်ဖိုက်တာ ၁ စီးက လာရောက် ပစ်ကူပေးတဲ့အတွက် အသက် ၂၀ အရွယ်ကာကွယ်ရေးအဖွဲ့ဝင် ၁ ဦးလည်းသေဆုံးပြီး ၁ ဦး ကျည်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ပျူစောထီးစခန်းတချို့ကို မီးရှို့နိုင်ခဲ့သလို လက်နက် ၅ လက် နဲ့ ပျူစောထီးအဖွဲ့ဝင် ၅ ဦးကိုလည်း အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ 

“ဂျက်ဖိုက်တာလေယာဉ် နဲ့ ၁၀ မိနစ် လောက်လာရောက်ပစ်သွားတယ်။ ဖမ်းဆီးရမိထားတဲ့ ပျူ ၅ ယောက်ကို ရပ်ကျေးတွေနဲ့တိုင်ပင်ပြီး တရားဥပဒေအတိုင်းဘဲသွားမှာပါ။ သူတို့ဘက်က ထိခိုက်အသေ အပျောက်ကိုတော့ ကျနော်တို့ အတိအကျမရသေးဘူး လေယာဉ်နဲ့လာပစ်တော့ ကျနော်တို့လည်း ချက်ချင်းဆုတ်ခဲ့ရတာ” လို့ ကန့်ဘလူခရိုင်တပ်ရင်းတခုမှ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

သေဆုံးရဲဘော်က ကန့်ဘလူခရိုင်တပ်ရင်း တခုက ဖြစ်ပြီး ဘယ်တပ်ရင်းကလဲ ဆိုတာကိုတော့ လုံခြုံရေးအရ ပြောကြားခဲ့ခြင်းမရှိပါဘူး။

လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကို မြေမြှုပ်သင်္ဂြုလ်ပေး ရခြင်း မရှိသေးပဲ ထိခိုက်ဒဏ်ရာရသွားတဲ့ ရဲဘော်တဦးကိုလည်း ဆေးဝါးကုသမှု လုပ်ဆောင် ပေးနေတယ်လို့ သိရပါတယ်။

ဒီတိုက်ပွဲကို ကန့်ဘလူခရိုင်တပ်ရင်းမှတပ်ဖွဲ့ဝင်တွေနဲ့ မြို့နယ်ပကဖများ ပူးပေါင်းပြီး သွားရောက် တိုက်ခိုက်ခဲ့ကြတာပါ။ 

သြဂုတ်လ ၁၀ ရက်ကလည်း ကန့်ဘလူမြို့နယ်၊ ချပ်သင်းရွာ စစ်ကောင်စီ အထိုင်စခန်းကနေ ထွက်လာတဲ့ ပျူစောထီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ချပ်သင်းရွာမြောက်ဘက်မှာရှိတဲ့ ကံကြီးကျေးရွာထဲကို ဝင်ရောက်ဖို့ထွက်ခွာလာချိန် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထောင်ထားတဲ့ ပဒေသာမိုင်းတွေကို နင်းမိပြီး စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကန့်ဘလူ #ပျူစောထီးစခန်း #သိမ်းဆည်း #ပျူစောထီး၅ဦးဖမ်းမိ #PDF၂ဦးသေ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10