ကန့်ဘလူနယ်မှာ စစ်ရှောင်အမျိုးသား ၁ ဦးမြွေကိုက်ခံရ၊ စုစုပေါင်း ၇၃ ဦးထိရှိလာ

ကန့်ဘလူနယ်မှာ စစ်ရှောင်အမျိုးသား ၁ ဦးမြွေကိုက်ခံရ၊ စုစုပေါင်း ၇၃ ဦးထိရှိလာ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ရှောင်အမျိုးသားတဦး ဇွန်လ ၁၃ ရက်က မြွေကိုက်ခံခဲ့ရအပြီးမှာတော့ ကန့်ဘလူနယ်အတွင်း စုစုပေါင်း မြွေကိုက်ခံရသူဦးရေ ၇၃ ဦးအထိ ရှိလာပြီလို့ ကျွန်းလှတက်ကြွလူပ်ရှားသူများအဖွဲ့က စာရင်းထုတ်ပြန်ထားပါတယ်။

ကန့်ဘလူမြို့နယ်၊ ကိုးထောင်ဘို့တိုက်နယ်ထဲက အသက် ၃၀ အရွယ် အမျိုးသားတဦး အကိုက်ခံခဲ့ရတာ ဖြစ်ပြီး ညနေ ၆ နာရီခွဲလောက်မှာ စစ်ရှောင်တဲကနေ လယ်တောကိုသွားချိန် အကိုက်ခံလိုက်ရတာလို့ ဆိုပါတယ်။

"မိုးကလည်း နည်းနည်းရွာတော့ လယ်ထဲကိုသွားကြည့်တာမှာ ခြေထောက်ကိုမြွေပွေးကိုက်ခံရတာပါ။ အိန္ဒိယမြွေဆိပ်ဖြေဆေး ၄ လုံး ထိုးပေးထားပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် စိတ်ချရပါပြီ"လို့ ကိုးတောင်ဘို့တိုက်နယ်က စစ်ရှောင်တွေရဲ့ကျန်းမာရေးကို ကူညီပေးနေသူ ဦးဂျောင်ဒီအွန်က ပြောပါတယ်။

ကန့်ဘလူမြို့နယ်မှာ ဇွန်လ ၁ ရက်က အသက် ၃၂ နှစ်အရွယ်အမျိုးသမီး ၁ ဦး၊ ဇွန်လ ၆ ရက်က အသက် ၃၀ နှစ်အရွယ် အမျိုးသား ၁ ဦး နဲ့ ဇွန်လ ၈ ရက်ကအသက် ၂၈ နှစ်အရွယ် အမျိုးသား ၁ ဦးတို့လည်း မြွေကိုက်ခံခဲ့ရရာ ဆေးဝါးကုသပေးနိုင်ခဲ့လို့ အားလုံးကျန်းမာရေး ကောင်းမွန်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကန့်ဘလူမြို့နယ်၊ ချပ်သင်း၊ ဇီးကုန်း၊ ကိုးတောင်ဘို့၊ ပင့်သာနဲ့ ထန်းကုန်းတိုက်နယ်တွေက အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၃ ဦးတို့လည်း မေလ ၁၊ ၁၂၊ ၁၅၊ ၂၀၊ ၂၁ ရက်နဲ့ ၂၅ ရက်တို့မှာ မြွေကိုက်ခံခဲ့ရပြီး အာလုံးကတော့ ကျန်းမာရေးကောင်းမွန်နေပြီလို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကနေ အခု ၂၀၂၃ ခုနှစ် ဇွန် ၁၁ ရက်အထိ မြွေကိုက်ခံရသူ ၇၃ ဦးရှိပြီး၊  အဲ့ဒီအထဲမှာ ဝက်သဟင်းရွာက မောင်မိုးဟိန်း ၈ နှစ်၊ လျော်ဖြူကုန်းရွာက မလှလှမျိုး ၉ နှစ်၊ အလယ်ခုံရွာက ဦးဌေးမြင့် ၅၄ နှစ်နဲ့ ကိုရဲလင်း ၂၇ နှစ်၊ ကိုင်းရိုးရွာက ဦးဝင်းညွန့် ၆၁ နှစ်နဲ့ မလယ်တိုက်နယ်က ဦးကျော်ညွန့် ၅၃ နှစ်တို့ ၆ ဦး သေဆုံးခဲ့တယ်လို့ ကျွန်းလှတက်ကြွလူပ်ရှားများအဖွဲ့က အတည်ပြု ပြောဆိုထားပါတယ်။

 

စာတည်း - လင်း

 

#မြေလတ်အသံ

#စစ်ကိုင်း #ကန့်ဘလူ #စစ်ရှောင် #မြွေကိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10