ကန့်ဘလူမြို့နယ်ကို စစ်ကြောင်းထိုးလို့ ဒေသခံ ၁ သောင်းကျော် တိမ်းရှောင်နေရ

ကန့်ဘလူမြို့နယ်ကို စစ်ကြောင်းထိုးလို့ ဒေသခံ ၁ သောင်းကျော် တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ကို စစ်အုပ်စုက  ဩဂုတ်လ ၃၀ ရက် မနက်ပိုင်းက စတင်ကာ စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံတွေ နေ့ရောညပါ တိမ်းရှောင်ခဲ့ရတယ်လို့ Infinity Group ဆီက သိရပါတယ်။ 

ခမရ ၃၆၁ ကစစ်သားတွေနဲ့ ပျူစောထီးအပါ အင်အား ၁၀၀ ကျော်က ထန်းကုန်းနဲ့ ဇီးကုန်းတိုက်နယ်ထဲကို စစ်ကြောင်းထိုးရာ ကျေးရွာ ၂၀ ကျော်က ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတာလို့ ဆိုပါတယ်။  

စစ်ကြောင်းဟာ  ချင်မြစ်ကျင်းရွာမှာ ညအိပ်ပြီး မနေ့မနက်အစောပိုင်းမှာ သရက်ခေါင်းရွာကို ထွက်လာလို့ ဒေသခံတွေတိမ်းရှောင်ခဲ့ရသလို  ညနေပိုင်းမှာတော့ အဲဒီရွာကနေ ဘုတ်ကုန်းကျေးရွာဘက်ကို ဦးတည်စစ်ကြောင်းထိုးလာတဲ့အတွက် ထပ်မံတိမ်းရှောင်ရတာလို့ သိရပါတယ်။ 

“မနက် စစ်ကြောင်းက သရက်ခေါင်းရွာက ထွက်လာကတည်းက မိုးရေထဲပြေးရတာ။ စစ်ကြောင်းက တကြောင်း တည်းရယ်။ ပြီးမှ စစ်ကြောင်းက ညနေ ၁ ကြောင်း ထပ်ဖြန့်ခွဲပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဘုတ်ကုန်းရွာဘက်ကို ပစ်ဖောက်လာလို့ ညကလည်း မနားရဘူး၊ ပြေးရတာပဲ" လို့ ထန်းကုန်းတိုက်နယ်သားတဦးက ပြောပါတယ်။

စစ်ရှောင်တွေဟာ စစ်ကြောင်းလာရာ လမ်းနဲ့ဝေးရာကို နွားလှည်းတွေ၊ ဆိုင်ကယ်တွေနဲ့ တိမ်းရှောင်ကြတာဖြစ်ပြီး သူတို့ကို နီးစပ်ရာကျေးရွာတွေက ချက်ပြုတ်ကျွေးမွေးကြတယ်လို့ သူက ဆက်ပြောပါတယ်။

ကန့်ဘလူမြို့နယ်ထဲက ကိုးမြို့၊ တောင့်တည်းကုန်း၊ ညောင်ဇင်ကြီး၊ ဖလံချိုင်၊ ငါးရာနဲ၊ သရက်ခေါင်း၊ မင်းဘာ၊ လက်ထုတ်ကုန်း၊ သိုးဘို၊ ရင်ငတ်ကုန်း၊ သရကကြီး၊ ညောင်ကိုင်း၊ ဘုတ်ကုန်း၊ ဆင်နင်း၊ ဆူးတပ်၊ မင်းရွာတော၊ ကြာဘက်ကံ၊ ဇီးဖြူကုန်း၊ ရှမ်းတပ်၊ မကျီးကုန်းရွာတွေက ပြည်သူတွေ တိမ်းရှောင်ရတာလို့ ဆိုပါတယ်။ 

 စစ်ကြောင်းဟာ ဩဂုတ် ၃၁ ရက် ဒီမနက် ၇ နာရီခွဲလောက်မှာ မိုးရွာနေဆဲမှာပင် သရက်ခေါင်းရွာကနေ ထွက်လာပြီး ဘယ်ကိုဦးတည်တယ်ဆိုတာတော့ မသိရသေးဘူးလို့ ဒေသခံတဦးဆီက သိရပါတယ်။

ကန့်ဘလူမြို့နယ်ထဲမှာ စစ်ထပ်က မကြာခဏစစ်ကြောင်းထိုးလို့ နေရပ်ကို မပြန်နိုင်တဲ့စစ်ရှောင်ပြည်သူ သောင်းဂဏန်းကျော်လည်း ရှိနေပါသေးတယ်။

ပုံစာ - ထန်းကုန်းတိုက်နယ်ထဲက စစ်ရှောင်ပြည်သူများ။ (ပုံဟောင်း)

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကန့်ဘလူမြို့နယ် #စစ်ရှောင် #စစ်ကြောင်းထိုး #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10