ကန့်ဘလူမြို့နယ် ကျေးရွာတရွာက နေအိမ် ၅ လုံးကို စစ်ကောင်စီမီးရှို့

ကန့်ဘလူမြို့နယ် ကျေးရွာတရွာက နေအိမ် ၅ လုံးကို စစ်ကောင်စီမီးရှို့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာတရွာက နေအိမ် ၅ လုံးကို ဇွန်လ ၂၂ ရက်မနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Infinity Group ဆီက သိရပါတယ်။ 

ကန့်ဘလူမြို့နယ်က အိမ်ခြေ ၁၁၀ ရှိ ညောင်ကန်သာရွာကို အင်အား ၄၀ လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းက မနေ့မနက် ၇ နာရီလောက်မှာ မီးရှို့သွားတာလို့ ဆိုပါတယ်။

"စစ်တပ် တပ်စွဲထားတာက ညောင်ကန်သာရွာနဲ့ မိုင်ဝက်လောက်ပဲဝေးတဲ့ ညောင်ကုန်းတောင်ပေါ်ကနေလာပြီး မီးရိူ့သွားတာ။ ပြီးတော့ စားစရာရိက္ခာတွေလည်း လာယူသွားတာပေါ့။ ရက်စွဲနဲ့သာ တိတိကျကျမမှတ်မိတာ၊ ညောင်ကန်သာရွာကို မကြာခဏပစ္စည်းတွေဝင်ပြီး ယူတာပေါ့"လို့ Infinity Group မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒါ့အပြင် ညောင်ကန်သာရွာရဲ့ တမိုင်ခွဲအကွာရှိ ချပ်ကြီးရွာမှာ စစ်တပ်နဲ့ပျူစောထီးတွေ တပ်စွဲထားတာကြောင့် ညောင်ကန်သာရွာက ဒေသခံအများစုဟာ လွန်ခဲ့တဲ့ ၁ နှစ်ခွဲလောက်ကတည်းက စစ်ရှောင်နေကြရတာလို့လည်း ဆိုပါတယ်။ 

အလားတူ ကန့်ဘလူမြို့နယ်အတွင်းရှိ ချပ်သင်းနဲ့ကိုးတောင်ဘို့တိုက်နယ်တွေမှာလည်း စစ်တပ်နဲ့ ပျူစောထီးတွေတပ်စွဲထားတဲ့အတွက် အနီးဝန်းကျင်ရှိ ညောင်ကန်သာ၊ ချပ်ကုန်းနဲ့ ဝက်သဟင်း စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူ ၁ သောင်းကျော်ဟာ တောတောင်တွေမှာ စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။

ကန့်ဘလူမြို့နယ်မှာ ပျူစောထီး‌တွေစုဖွဲ့ထားတဲ့ ကျေးရွာတွေလည်းရှိနေပြီး မှော်တောရွာ ကျောင်းထိုင်ဘုန်းကြီး ဦးဝါသဝကဦးဆောင်ကာ အင်အားစုဆောင်းတာနဲ့ စစ်သင်တန်းပေးတာတွေလည်း ပြုလုပ်နေတာပါ။ 

ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်ကလည်း ခမရ ၃၆၁ က စစ်ကြောင်းဟာ ကန့်ဘလူမြို့နယ်၊ ရှမ်းကုန်းရွာကို ပစ်ခတ်ဝင်ရောက်ပြီး ပြည်သူပိုင်နေအိမ် ၄ လုံးနဲ့ စပါးကျီ ၁ လုံးကို မီးရှို့ခဲ့ပါသေးတယ်။

၂၀၂၁ ခုနှစ်၊ မေလ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် မေလအတွင်း စစ်ကိုင်းတိုင်းအတွင်းက နေအိမ်ပေါင်း ၅၃,၈၁၆ လုံးကို စစ်ကောင်စီအဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ လွတ်လပ်တဲ့သုသေသနအဖွဲ့ Data for Myanmar က ဇွန်လ ၁၄ ရက်က ထုတ်ပြန်ထားခဲ့ပါတယ်။ 

ပုံစာ - ကန့်ဘလူမြို့နယ်၊ ရှမ်းကုန်းရွာကို ဇွန်လ ၁၄ ရက်မှာ စစ်အုပ်စုက မီးရှို့ခဲ့စဉ်။ 

စာတည်း - လင်း

 

#မြေလတ်အသံ

#စစ်ကိုင်း #ကန့်ဘလူ #ညောင်ကန်သာရွာ #စစ်ကောင်စီ #နေအိမ် #မီးရှို့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10