ကန့်ဘလူမှာ ဇူလိုင်လအတွင်း စစ်ရှောင် ၁၁ ဦး မြွေကိုက်ခံရပြီး ၁ ဦးသေဆုံး

ကန့်ဘလူမှာ ဇူလိုင်လအတွင်း စစ်ရှောင် ၁၁ ဦး မြွေကိုက်ခံရပြီး ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း စစ်ရှောင် ၁၁ ဦး မြွေကိုက်ခံရပြီး အမျိုးသား ၁ ဦး သေဆုံးခဲ့တယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

မြွေကိုက်ခံရသူတွေဟာ ထန်းကုန်းတိုက်နယ်က ၃ ဦး၊ ချပ်သင်းတိုက်နယ်က ၄ ဦး၊ ဇီးကုန်းတိုက်နယ်က ၂ ဦး၊ ပင့်သာနဲ့ကန့်ဘလူတိုက်နယ်တို့က ၁ ဦးစီဖြစ်ကာ စုစုပေါင်းအမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၃ ဦးတို့ ဖြစ်ပြီး အဲဒီထဲက ချပ်သင်းတိုက်နယ်က အသက် ၅၀ အရွယ် ဦးစိန်ချိုဟာ ကုသနေဆဲ ဇူလိုင်လ ၁၄ ရက်က သေဆုံးခဲ့တာလို့ ဆိုပါတယ်။ 

“ဆေးဝါးကုသခွင့် ရလိုက်ပါတယ်။ ဆေးအလုံးရေများများ ထိုးပေးနိုင်ခဲ့ပေမယ့်။ သူ့အသက်ကို မကယ်နိုင်ခဲ့ပါဘူး။ ခြေထောက်ကို ၃ ချက်တိတိ ကိုက်ခံရတာပါ“ လို့ မြွေကိုက်ခံရသူ ကုသရေးနဲ့နီးစပ်သူ အမျိုးသမီးတဦးက ပြောပါတယ်။ 

ကျန်တဲ့ မြွေကိုက်လူနာတွေကတော့ ကျန်းမာရေးကောင်းမွန်နေပြီး ဆက်လက်စောင့်ကြည့်ပေးနေတယ်လို့ ဆိုပါတယ်။

မြွေကိုက်ခံရသူအားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ မြို့နယ်ကျန်းမာရေးဌာနက ကုသပေးတာလို့ သိရပါတယ်။

ကန့်ဘလူမြို့နယ်မှာ ၂၀၂၁ ကနေ ယခုလအထိမြွေကိုက်ခံရသူ ၈၀ ကျော်ဦးရှိပြီး အဲဒီအထဲက ဇူလိုင် ၁၄ ရက်က ဦးစိန်ချို အပါ ဝက်သဟင်းရွာက မောင်မိုးဟိန်း ၈ နှစ်၊ လျော်ဖြူကုန်းရွာက မလှလှမျိုး ၉ နှစ်၊ အလယ်ခုံရွာက ဦးဌေးမြင့် ၅၄ နှစ်နဲ့ ကိုရဲလင်း ၂၇ နှစ်၊ ကိုင်းရိုးရွာက ဦးဝင်းညွှန့် ၆၁ နှစ်နဲ့ မလယ်တိုက်နယ်က ဦးကျော်ညွှန့် ၅၃ နှစ်တို့ စုစုပေါင်း ၇ ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကန့်ဘလူ #ချပ်သင်း #စစ်ရှောင် #မြွေ #ကုသရေး #သတင်း #NUG

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10