ကန့်ဘလူမှာ စစ်တပ်က စပါးတွေကို မီးရှို့တာ၊ စစ်ကြောင်းထိုးတာကြောင့် စိုက်ပျိုးရေး မလုပ်နိုင်လို့ လာမယ့်နှစ် ဆန်ရှားပါးမှုဖြစ်နိုင်

ကန့်ဘလူမှာ စစ်တပ်က စပါးတွေကို မီးရှို့တာ၊ စစ်ကြောင်းထိုးတာကြောင့် စိုက်ပျိုးရေး မလုပ်နိုင်လို့ လာမယ့်နှစ် ဆန်ရှားပါးမှုဖြစ်နိုင်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းမှာ စစ်ကောင်စီက ကျေးရွာတွေထဲဝင်ရောက်ကာ သိုလှောင်ထားတဲ့ စပါးတွေကို မီးရှို့တာ၊ စစ်တပ်စစ်ကြောင်းထိုးလို့ ဒေသတွင်း စပါးစိုက်ပျိုးသူတွေ စိုက်ပျိုးရေးကောင်းကောင်း မလုပ်နိုင်တာနဲ့ ရာသီဥတုဖောက်ပြန်မှုတွေကြောင့် လာမယ့်နှစ်မှာ ဒေသတွင်းမှာ ဆန်ရှားပါးမှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ကန့်ဘလူမြို့နယ်က စပါးစိုက်တောင်သူတွေက ပြောပါတယ်။ 

စစ်ကောင်စီစစ်ကြောင်းတွေကြောင့် စပါးစိုက်ပျိုးရေးကို ကောင်းကောင်း မလုပ်နိုင်တဲ့အပြင် လက်ရှိစပါးစိုက်ပျိုးရာသီ ဇွန်၊ ဇူလိုင်လတွေမှာ  မိုးနည်းပါးနေတာကြောင့်လည်း လာမယ့်နှစ် စပါးပေါ်တဲ့အချိန် စပါးအထွက်နည်းနိုင်တယ်လို့ တောင်သူတွေက ဆိုပါတယ်။ 

"စစ်တပ်စစ်ကြောင်းက ဖမ်းတာ ပစ်တာသတ်ဖြတ်နေတာဆိုတော့ လယ်ထဲမဆင်းရဲကြဘူး။  ကျီးလန့်စာစားနေရတာဆိုတော့ ဒီအတိုင်းပဲလယ်ကို လွှတ်ထားရတာ။ ဒီကြားထဲ မိုးမရွာလို့ ချောင်းနား၊ အင်းနားနီးတဲ့လယ်တွေလောက်ပဲ စက်ရေတင်ပြီး သမန်းစို(ရေများများနဲ့ထွန်ယက်တာ)စိုက်ပျိုးနိုင်တယ်” လို့ ကိုးတောင်ဘို့ တိုက်နယ်မှ လယ်သမားတဦးက ပြောပါတယ်။

ဒါ့အပြင်လုံလောက်တဲ့မိုးရေ မရတဲ့လယ်မြေတချို့ သမန်းစို မစိုက်ပျိုးနိုင်လို့ ထယ်ထိုးထွန်မွှေကာ မျိုးစပါးကြဲပက်ပြီး အခြောက်တိုက် စိုက်ပျိုးကြသော်လည်း အဲ့ဒီစိုက်ပျိုးမှုဟာကုန်ကျစရိတ်သက်သာပေမယ့် စနစ်တကျပျိုးထောင်ကာ ကောက်ကွက်ချစိုက်ပျိုးတဲ့စပါးထွက်နှုန်းကိုတော့ မမီဘူးလို့ သူက ထပ်ရှင်းပြပါတယ်။ 

ဒါ့အပြင် စပါးစိုက်ပျိုးဖို့ သီးသန့်ထားတဲ့ မျိုးစပါးတွေကိုပါ စစ်ကောင်စီစစ်ကြောင်းတွေက မီးရှို့ကြလို့ မျိုးစပါးရှားပါးတဲ့အတွက် ကြိတ်ခွဲစားသောက်မယ့်စပါးကိုပဲ ဝယ်ယူကာပြန်လည်စိုက်ပျိုးကြတာတွေလည်း ရှိတယ်လို့ဒေသခံတွေက ဆိုပါတယ်။

"မျိုးစပါးမရှိပေမယ့် စိုက်လို့ရတဲ့လယ်ကို မဆုံးရှုံးအောင် ကြိတ်စားမယ့်စပါးကို မျိုးစပါးသုံးရတယ်။ အရင်က မျိုးစပါးကို ၁ ဧက ၁ တင်းသုံးတာ။ အခုစပါးကျတော့မျိုးစပါးမဟုတ်တော့ ၁ တင်းခွဲသုံးရတာမျိုးပေါ့" လို့ လယ်သမားတဦးက ပြောပါတယ်။

ကန့်ဘလူမြို့နယ်ထဲက လယ်မြေအများစုကတော့ စပါးစိုက်ပျိုးနိုင်လောက်အောင် မိုးရေကောင်းကောင်း မရတဲ့အတွက် တမြို့နယ်လုံးအနေနဲ့ စိုက်ဧက ၄ ပုံ ၁ ပုံ လောက်ပဲ စိုက်ပျိုးနိုင်တယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ကန့်ဘလူမြို့နယ်မှာ အမြဲတမ်းစစ်ရှောင်တွေလည်း သောင်းဂဏန်းအထိရှိနေသလို ကျေးလက်နေ ပြည်သူအများစုဟာလည်း မကြာခဏစစ်ရှောင်နေရလို့ စပါးစိုက်ပျိုးမှုနှုန်းကျဆင်းနေတာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ကန့်ဘလူမြို့နယ်မှာ နှစ်စဉ်မိုးစပါးစပါးစိုက်ဧက ၁ သိန်း ၄ သောင်းကျော်ရှိတယ်လို့ စစ်ကောင်စီထုတ်ပြန်တဲ့ သတင်းအရသိရပြီး ရွှေဘိုပေါ်ဆန်း(ဘေးကျားစပါး)၊ မနောသုခ စတဲ့စပါးတွေကို နှစ်စဉ်စိုက်ပျိုးကြတာလို့ ဆိုပါတယ်။

လက်ရှိမှာ ကန့်ဘလူမြို့နယ်အတွင်းမှာ စစ်ကောင်စီက စပါးတွေကို မီးရှို့တာတွေလုပ်နေသလို အခုလို စပါး စိုက်ပျိုးမှုတွေ လျော့ကျနေတာကြောင့် လာမယ့်နှစ် စပါးပေါ်ချိန်မှာ စပါးထွက်နှုန်းကျဆင်းပြီး ဆန်ရှားပါးမှုကို ကြီးကြီးမားမားရင်ဆိုင်ရနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းကြပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း၊ #ကန့်ဘလူမြို့နယ် #စပါး #မိုးရေနည်း #စစ်ကောင်စီ #မီးရှို့ #ဆန်ရှားပါးမှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10