ကန့်ဘလူမှာ စစ်ရှောင်ရင်း သက်ကြီးရွယ်အိုအမျိုးသမီး ၂ ဦးသေဆုံး

ကန့်ဘလူမှာ စစ်ရှောင်ရင်း သက်ကြီးရွယ်အိုအမျိုးသမီး ၂ ဦးသေဆုံး

စစ်ကိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်အတွင်းရှိ ဖလံချိုင်ကျေးရွာက သက်ကြီးရွယ်အိုအမျိုးသမီး ၂ ဦး စစ်ဘေးရှောင်ရင်း သေဆုံးသွားတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်က စစ်ရှောင်ရင်း တနေ့တည်း ၂ ဦးစလုံး သေဆုံးခဲ့တာလို့ သိရပါတယ်။

"လူကြီးတွေဆိုတော့ ကြောက်စိတ်၊ စိုးရိမ်စိတ်များကြတယ်။ ကိုယ့်အိမ်လို လုံခြုံနွေးထွေးတာမဟုတ်တော့ အအေးဒဏ်မခံနိုင်တာလည်း ပါတာပေါ့။ အဲ့ဒါကြောင့် အခုလို သေဆုံးသွားကြတာပါ" လို့ မိသားစုနဲ့နီးစပ်တဲ့ စစ်ရှောင်ပြည်သူတဦးက ပြောပါတယ်။

သေဆုံးခဲ့သူတွေမှာ အသက် ၈၇ နှစ်အရွယ် အဖွားဒေါ်အုန်းရွှေဖြစ်ပြီး မနက် ၁၁ နာရီခွဲခန့်က သေဆုံးခဲ့သလို၊ အသက် ၉၂ နှစ်အရွယ်ရှိ အဖွားဒေါ်အေးကြံမှာလည်း နေ့လယ် ၁ နာရီ ၄၅ မိနစ်အချိန်က သေဆုံးခဲ့ရတယ်လို့ ဆက်ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်း ထွက်လာတဲ့ သတင်းကိုကြားရပါက ဒေသခံတွေအနေနဲ့ ရက်ကြို ရှောင်တိမ်းကြရသလို စစ်ကြောင်းတွေက သက်ကြီးရွယ်အိုနဲ့ စိတ်ကျန်းမာရေးချို့တဲ့သူ၊ မသန်စွမ်းတွေကိုလည်း ညှာတာမပေးဘဲ သတ်ဖြတ်တာတွေကြောင့် ရွာရှိလူကုန် မဖြစ်မနေ စစ်ရှောင်ကြရတာလို့ ဆိုပါတယ်။

"စစ်ရှောင်ရတာ မလွယ်ဘူး။ မိသားစု တကွဲတပြားစီ ပြေးရတာပါ။ ကားတို့ လှည်းတို့နဲ့ ကြုံရင်ကြုံသလိုလိုက်ရတာ၊ ခြေလျင်ပြေးတဲ့သူလည်း ပြေးပါ့။ ပြန်စုပေးဖို့ မလွယ်လို့ သက်ကြီးရွယ်အိုတွေဆို အနီးအနားက စစ်ရှောင်တွေကပဲ စောင့်ရှောက်ပေးရတယ် " လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ဝင်တဦး က ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းထိုးခြင်းကြောင့် ကန့်ဘလူမြို့နယ်အတွင်းရှိ ငါးရာနဲ၊ သိုးဘိုး၊ ကိုးမြို့၊ ချင်မြစ်ကျင်း၊ ဖလံချိုင်၊ သရက်ခေါင်းနဲ့ ညောင်ဇင်ကြီးကျေးရွာ ၇ ရွာမှ ပြည်သူ ၈၀၀၀ ခန့် အိုးအိမ်စွန့်ခွါကာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

စစ်ရှောင်တွေမှာ ဆောင်းရာသီအအေးဒဏ်ကြားက နီးစပ်ရာရွာတွေနဲ့ စစ်ကြောင်းလွတ်ရာ တောထဲတွေမှာ ယာယီတဲထိုးနေကြရသလို ဆွေမျိုးသားချင်တွေဆီကို စစ်ရှောင်ရတာလည်းရှိပြီး ယာယီနေထိုင်ရာနေရာတွေဖြစ်လို့ သက်ကြီးရွယ်အိုတွေအတွက် ကျန်းမာရေးချို့တဲ့တာတွေကို ခံစားနေကြရတယ် လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း#ကန့်ဘလူ#စစ်ကြောင်းထိုး# စစ်ရှောင်#သက်ကြီးရွယ်အို#သေဆုံး# မြေ လတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10