ကန့်ဘလူမှာ စစ်ရှောင်အမျိုးသမီးတဦး မြွေကိုက်ခံရ၊ စုစုပေါင်း မြွေကိုက်ခံရသူ ၇၂ ဦးထိရှိလာ

ကန့်ဘလူမှာ စစ်ရှောင်အမျိုးသမီးတဦး မြွေကိုက်ခံရ၊ စုစုပေါင်း မြွေကိုက်ခံရသူ ၇၂ ဦးထိရှိလာ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက စစ်ရှောင်အမျိုးသမီးတဦး မြွေကိုက်ခံခဲ့ရပြီး စစ်ရှောင်ကာလ ၂ နှစ်အတွင်းမှာ မြွေကိုက်ခံရသူ ၇၂ ဦးထိ ရှိလာပြီလို့ ကျွန်းလှတက်ကြွလူပ်ရှားသူများအဖွဲ့ဆီက သိရပါတယ်။ 

ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်ထဲက အသက် ၃၂ နှစ်အရွယ် စစ်ရှောင်အမျိုးသမီးတဦး ဇွန်လ ၁၁ ရက်မနက် ၇ နာရီခွဲလောက်မှာ မြွေကိုက်ခံခဲ့ရတာပါ။

"လူနာကို မြန်မာနိုင်ငံထုတ် BPI မြွေဆိပ်ဖြေဆေး ၄ လုံးနဲ့ အန္ဒိယထုတ် မြွေဆိပ်ဖြေဆေး ၁၀ လုံး ထိုးနှံပေးထားပါတယ်လို့ မြေပြင်ကျန်းမာရေးဌာနက သတင်းပို့ထားပါတယ်"လို့ ကျွန်းလှတက်ကြွလူပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

လူနာဟာ အပေါ့အလေးသွားချိန် ခြေမကို မြွေကိုက်ခံရတာဖြစ်ပြီး လက်ရှိ ကျန်းမာရေးကောင်းမွန်စိတ်ချရတဲ့ အနေအထားမှာရှိတယ်လို့ သိရပါတယ်။ 

လက်ရှိမှာ BPI မြွေဆိပ်ဖြေဆေး ၁ လုံးကို ကျပ် ၁ သိန်းဝန်းကျင်စျေးနဲ့ အန္ဒိယမြေဆိပ်ဖြေဆေးတလုံးကို ကျပ် ၂ သောင်းခွဲ၊ ၃ သောင်းခန့် ပေါက်စျေးရှိတယ်လို့ ကိုးတောင်ဘို့တိုက်နယ်ထဲက စစ်ရှောင်တွေကို ကျန်းမာရေး ကူညီစောင့်ရှောက်ပေးနေတဲ့ ဦးဂျောင်ဒီအွန်က ပြောပါတယ်။

ကန့်ဘလူမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကနေ အခု ၂၀၂၃ ခုနှစ် ဇွန် ၁၁ ရက်အထိ မြွေကိုက်ခံရသူ ၇၂ ဦးရှိပြီး၊  အဲ့ဒီအထဲမှာ ဝက်သဟင်းရွာက မောင်မိုးဟိန်း ၈ နှစ်၊ လျော်ဖြူကုန်းရွာက မလှလှမျိုး ၉ နှစ်၊ အလယ်ခုံရွာက ဦးဌေးမြင့် ၅၄ နှစ်နဲ့ ကိုရဲလင်း ၂၇ နှစ်၊ ကိုင်းရိုးရွာက ဦးဝင်းညွှန့် ၆၁ နှစ်နဲ့ မလယ်တိုက်နယ်က ဦးကျော်ညွှန့် ၅၃ နှစ်တို့ ၆ ဦး သေဆုံးခဲ့တယ်လို့ ကျွန်းလှတက်ကြွလူပ်ရှားများအဖွဲ့က အတည်ပြုပြောဆိုပါတယ်။

အလားတူ ကန့်ဘလူမြို့နယ်ထဲမှာ ပြီးခဲ့တဲ့နှစ်ကနေ ဇွန်လ ၁၄ ရက်ဒီနေ့အထိ စစ်ရှောင်ဦးရေ ၁ သောင်းဝန်းကျင်ရှိပြီး တောတိုက်တွေ၊ စာသင်ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ နေထိုင်နေကြရတယ်လို့ သိရပါတယ်။ 

 

စာတည်း - လင်း

#မြေလတ်အသံ

#စစ်ကိုင်း #ကန့်ဘလူ #မြွေကိုက် #စစ်ရှောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10