ကန့်ဘလူမှာ စစ်ရှောင်အမျိုးသမီး ၁ ဦးမြွေကိုက်ခံရ၊ ၂ လအတွင်း ၃ ဦးမြောက်ဖြစ်လာ

ကန့်ဘလူမှာ စစ်ရှောင်အမျိုးသမီး ၁ ဦးမြွေကိုက်ခံရ၊ ၂ လအတွင်း ၃ ဦးမြောက်ဖြစ်လာ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်အတွင်းက အသက် ၂၀ အရွယ် စစ်ဘေးရှောင်အမျိုးသမီးတဦး မတ်လ ၉ ရက်နေ့ ညနေ ၅ နာရီလောက်မှာ မြွေဆိုးကိုက်ခံရလို့ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

မတ်လ ၉ ရက်နေ့ ညနေပိုင်းက စစ်ရှောင်စခန်းအနီး လယ်ကွင်းပြင်မှာ ချည်ထားတဲ့နွားတွေကို ပြန်လည်ဆွဲခေါ်လာချိန် မြွေဆိုးကိုက်ခံရတာဖြစ်ပြီး မြွေဆိပ်ဖြေဆေး BPI – 4 လုံး ထိုးထားရတယ်လို့ ကန့်ဘလူနယ်အတွင်းက စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတဦးက မြေလတ်အသံကို ပြောပါတယ်။

“ညနေပိုင်းမှာ ကျွဲ၊နွားတွေ သွားသိမ်းချိန် ကိုက်ခံလိုက်ရတယ်။ ညာဘက်ခြေကျင်းဝတ်နားမှာ ကိုက်ခံလိုက်ရတာ။ အခုကတော့ ၈၅ ရာခိုင်နှုန်းလောက်က သက်သာလာပြီ။ စကားတွေလည်း နည်း နည်းပါးပါး ပြန်ပြောလာနိုင်ပြီ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့နဲ့ ၃ ရက်နေ့မှာလည်း ကိုးတောင်ဘို့တိုက်နယ်အတွင်း စစ်ရှောင်စခန်းက အသက် ၅၃ နှစ်အရွယ်နဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသမီး ၂ ဦး ၂ ရက်ဆက်တိုက် မြွေဆိုးကိုက်ခံခဲ့ရတာကြောင့် ၂ လအတွင်း စစ်ရှောင်အမျိုးသမီး ၃ ဦး မြွေကိုက်ခံထားရတာလို့ သူကဆိုပါတယ်။

ကိုးတောင်ဘို့တိုက်နယ်ဟာ ကန့်ဘလူမြို့နယ်၊ တိုက်နယ် ၈ ခုထဲက တခုဖြစ်ပြီး ကျေးရွာပေါင်း ၂၃ ရွာနဲ့ ဖွဲ့စည်းထားတာဖြစ်ကာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ မကြာခဏဆိုသလိုစစ်ကြောင်းထိုး မီးရှို့မှုတွေကြောင့် ကိုးတောင်ဘို့တိုက်နယ်အတွင်း စစ်ရှောင်ပြည်သူပေါင်း ၁ သိန်းကျော်ထိ ရှိနေပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကန့်ဘလူမြို့နယ်အတွင်းမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ခုနှစ် ဧပြီလကနေစလို့ စတင်စစ်ဘေးရှောင်နေရပြီး လက်ရှိအချိန်ထိ စစ်ဘေးရှောင်ကာလ ၂ နှစ်နီးပါးအတွင်း မြွေဆိုးကိုက်ခံရသူ စစ်ဘေးရှောင်ဒေသခံ ၄၀ ဦးထက်မနည်း ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10