ကန့်ဘလူမှာ ဇူလိုင်လအတွင်း မြွေကိုက်ခံရသူ ၃ ဦးရှိ ၁ ဦးမှာအိပ်နေစဥ် အကိုက်ခံရ

ကန့်ဘလူမှာ ဇူလိုင်လအတွင်း မြွေကိုက်ခံရသူ ၃ ဦးရှိ ၁ ဦးမှာအိပ်နေစဥ် အကိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ကလူမြို့နယ်မှာ ဇူလိုင်လအတွင်း မြွေကိုက်ခံရသူ ၃ ဦးရှိပြီး ၁ ဦးမှာ အိပ်​နေချိန် ကိုက်ခံရတာလို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့၊ ကန့်ဘလူခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။

ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်က အသက်၂၅ နှစ်နဲ့ ၅၀ နှစ်အရွယ်အမျိုးသမီး ၂ ဦးနဲ့ ချပ်သင်းတိုက်နယ်က အသက် ၂၃ နှစ်အရွယ်အမျိုးသား ၁ ဦးတို့ မြွေကိုက်ခံရတာလို့ သိရပါတယ်။

"လူနာ ၃ ဦးကို မြွေဆိပ်ဖြေဆေးထိုးပေး ထားပါတယ်။ လက်ရှိကတော့ သူတို့ရဲ့ကျန်းမာရေးကို စောင့်ကြည့်နေဆဲပဲရှိပါတယ်" လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အသက်၂၅ နှစ်အရွယ်အမျိုးသမီးမှာ တောတိုက်ထဲက စစ်ရှောင်တဲမှာ အိပ်နေစဥ် မြွေပွေးကိုက်ခံရတာလို့သူက ဆက်ပြောပါတယ်။

ထန်းကုန်းတိုက်နယ်က အသက် ၂၅ နှစ်အရွယ် အမျိုးသမီးမှာ ဇူလိုင် ၉ ရက်က မြွေကိုက်ခံရတာဖြစ်ပြီး အသက် ၅၀ နှစ်အရွယ် အမျိုးသမီးနဲ့ ၂၃ နှစ်အရွယ်အမျိုးသားကို ဇူလိုင် ၆ ရက်ကမြွေကိုက်ခံရတာလို့ ဆိုပါတယ်။

မြွေကိုက်ခံရသူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)လက်အောက်ခံ မြို့နယ်ကျန်းမာရေးဌာနက မြွေဆိပ်ဖြေဆေးထိုး ကုသပေးနေတာလို့ သိရပါတယ်။

ကန့်ဘလူမြို့နယ်မှာ စစ်ရှောင်ကာလ ၂  နှစ်ဝန်းကျင်အတွင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က ကောက်ယူရရှိတဲ့စာရင်းအရ မြွေကိုက်ခံရသူ ၈၀ ဦးဝန်းကျင်ရှိပြီး အဲ့ဒီအထဲက အသက် ၁၀ နှစ်အရွယ်ကလေးငယ် ၂ ဦးအပါ စုစုပေါင်း ၆ ဦးသေဆုံးခဲ့ရပါတယ်။

ပုံစာ - ဇူလိုင် ၆ ရက်ကမြွေကိုက်ခံရသူအမျိုးသားနှင့် ၎င်းအားကိုက်ခဲ့သည့်မြွေ။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကန့်ဘလူ #ချပ်သင်း #ထန်းကုန်း #မြွေအန္တရာယ် #ကုသရေး #ကျန်းမာရေး #စစ်ရှောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10