ကန့်ဘလူမှာ အမျိုးသား ၆ ဦးကို စစ်ကောင်စီဖမ်း၊ ၂ ဦးပြန်လွှတ်ပြီး ၃ ဦးကို PDF လို့စွပ်စွဲထား

ကန့်ဘလူမှာ အမျိုးသား ၆ ဦးကို စစ်ကောင်စီဖမ်း၊ ၂ ဦးပြန်လွှတ်ပြီး ၃ ဦးကို PDF လို့စွပ်စွဲထား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အင်းမကျေးရွာက အမျိုးသား ၆ ဦးကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးပြီး အဲ့ဒီထဲက ၃ ဦးကို PDF တွေလို့ စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ထုတ်ပြန်ရေးသားထားပါတယ်။

အဖမ်းခံရသူ ၆ ဦးမှာ ဦးမောင်စိုး၊ ဝေလွင်ထွန်း၊ ဝေလွင်ထူး၊ မင်းမင်းလတ်၊ ရင်မောင်၊ ကောင်းပိုင်စိုးတို့ ဖြစ်ကြပြီး မင်းမင်းလတ်၊ ဝေလွင်ထွန်း၊ ရင်မောင်တို့ ၃ ဦးကို စစ်ကောင်စီက PDF တွေလို့ စွပ်စွဲထားတာပါ။

အဲ့ဒီဖမ်းဆီးခံ ၆ ဦးဟာ ပြောင်းစိုက်တောင်သူတွေနဲ့ ပြောင်းခင်းတွေမှာ အငှားလုပ်ကိုင်နေကြတဲ့လုပ်သားတွေသာဖြစ်ပြီး PDF မဟုတ်ကြောင်း အင်းမကျေးရွာခံ အမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

"သူတို့က ပြောင်းစိုက်တောင်သူတွေပါ။ အရပ်သားတွေပါ။ PDF လုံးဝ မဟုတ်ကြပါ။ ဒီအထဲမှာ ဦးမောင်စိုး၊ ဝေလွင်ထွန်း၊ ဝေလွင်ထူးတို့ ၃ ယောက်က သားဖအရင်းတွေပါ "လို့ အင်းမကျေးရွာသား တဦးက ပြောပါတယ်။

သူတို့ ၆ ဦးကို ဇူလိုင် ၄ ရက်မနက်ပိုင်းမှာ အင်အား ၆၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းတခုက ကျေးရွာအပြင်မှာရှိတဲ့ ပြောင်းစိုက်ခင်းတွေထဲမှာ ဖမ်းဆီးပြီးနောက် ကန့်ဘလူမြို့နယ်အခြေစိုက် အမှတ် ၆၀၀၆ တင့်ကားတပ်ရင်း (တကရ ၆၀၀၆)ကို ဖမ်းခေါ်သွားခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီထဲက ဦးမောင်စိုးနဲ့ ကောင်းပိုင်စိုးတို့ ၂ ဦးကတော့ ဇူလိုင် ၁၀ ရက် ဒီနေ့ နေ့လယ် ၂ နာရီကျော်မှာ ပြန်လွတ်လာပြီး ရွာထဲကို ပြန်ရောက်နေကြကာ ကျန် ၁ ဦးရဲ့ အခြေအနေကိုတော့ မသိရသေးဘူးလို့ အထက်ပါရွာသားတဦးက ဆက်ပြောပါတယ်။  

အလားတူ ဇူလိုင် ၅ ရက်မှာလည်း ကိုးတောင်ဘို့ရွာမှာ အထိုင်ချတဲ့ ခမရ  ၃၆၃ စစ်ကြောင်းက မိဿလင်ကုန်းရွာကို အင်အား ၅၀ ကျော်နဲ့ စီးနင်းဝင်ရောက်ပြီးနောက် Grade 8 အဆင့်ရှိ ကျောင်းသား ၁ ဦးအပါ အမျိုးသား ၄၀ ကျော်ကိုလည်း ကိုးတောင်ဘို့အထိုင်စခန်းကို ဖမ်းဆီးသွားခဲ့သေးတယ်လို့ သိရပါတယ်။

ကန့်ဘလူမြို့နယ်၊ မိဿလင်ကုန်းရွာကို ဇူလိုင် ၅ ရက်မနက် ၂ နာရီလောက်မှာ ခမရ ၃၆၃ စစ်ကြောင်းက တိတ်တဆိတ်ဝင်ရောက်ပြီး အမျိုးသား ၄၈ ဦးကို ဖမ်းဆီးခဲ့တာပါ။ 

ဖမ်းဆီးခံရတဲ့အမျိုးသား ၄၈ ဦးထဲက ဇူလိုင် ၅ ရက်မှာ ၁၃ ဦး၊ ဇူလိုင် ၆ ရက်မှာ ၂၅ ဦးနဲ့ ဇူလိုင် ၈ ရက်မှာ ၇ ဦး၊ စုစုပေါင်း ၄၅ ဦးကို စစ်တပ်က ပြန်လွှတ်ပေးခဲ့ပြီး၊ ကျန်တဲ့ ၃ ဦးထဲက ၁ ဦးကတော့ အသတ်ခံလိုက်ရတယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့် စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။ 

"ကျန်ရစ်ခဲ့တဲ့ မိဿလင်ကုန်းရွာသား ၃ ဦးထဲက တဦးကို စစ်တပ်က ရှင်းပစ်တယ် သတင်းကြားနေရလို့ စိုးရိမ်နေရတာ၊ သူတို့ (စစ်တပ်)ထဲမှာ ဆိုတော့ ဘယ်သူမှလည်း သွားကြည့်လို့ရတာ မဟုတ်ဘူး"လို့  ကိုးတောင်ဘို့တိုက်နယ်က စစ်ရှောင်တွေရဲ့ကျန်းမာရေးကို ကူညီစောင့်ရှောက်ပေးနေသူ ဦးဂျောင်ဒီအွန်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၃ ရက်ကလည်း ကန့်ဘလူမြို့နယ်၊ ဇီးကနားရွာနဲ့ လျော်ဖြူကုန်းရွာသား စစ်ရှောင် ၁၄ ဦးကို စစ်ကောင်စီရဲ့ ခမရ ၃၆၃ စစ်ကြောင်းက ဖမ်းဆီးပြီး နိုဝင်ဘာလ ၅ ရက်နဲ့ ၆ ရက်မှာ သတ်ဖြတ်ခဲ့သေးတယ်လို့ ကန့်ဘလူ - ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူဆီက သိရပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#စစ်ကိုင်း #ကန့်ဘလူ #စစ်ကောင်စီ #ဖမ်းဆီး #ဒေသခံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10