ကန့်ဘလူ၊ ပင့်သာရွာကို စစ်တပ်က ၅ ကြိမ်မြောက်မီးရှို့

ကန့်ဘလူ၊ ပင့်သာရွာကို စစ်တပ်က ၅ ကြိမ်မြောက်မီးရှို့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပင့်သာကျေးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက ဇွန်လ ၂၈ ရက် ဒီမနက် ၈ နာရီ ၁၅ မိနစ်လောက်မှာ မီးရှို့ဖျက်ဆီးသွားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ဆီက သိရပါတယ်။

အင်အား ၁၅၀ ဝန်းကျင်ပါ စစ်သားနဲ့ပျူစောထီးအဖွဲ့က ဇွန်လ ၂၇ ရက် မနေ့ မနက် ၅ နာရီလောက်ကတည်းက ပင့်သာရွာမှာ တပ်စွဲနေခဲ့ပြီး ဒီမနက်ပိုင်းမှ နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။ 

“အခုလောလောဆယ် ပင့်သာရွာသားတွေက နီးစပ်ရာတောထဲ ထွက်ပြေးကြတာတွေရှိသလို တခြားရွာ တွေဖက် ထွက်ပြေးကြတယ်။ မီးရှို့ခံရပြီးနောက်ပိုင်း ရွာထဲမှာ ပြန်နေတဲ့သူတွေက နည်းတယ်၊ ဒီနေ့လည်း နေအိမ်တွေ မီးထဲ ဘယ်လောက်ပါသွားလဲဆိုတာ မသိရသေးပါဘူး” လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

ရွာကိုမီးရှို့ပြီး မနက် ၉ နာရီကျော်လောက်မှာတော့ အဲ့ဒီစစ်ကောင်စီအဖွဲ့တွေထဲက တချို့က ချပ်ကြီးရွာဘက်ကို ပြန်ထွက်သွားကြပြီး တချို့ကတော့ ပင့်သာရွာမှာပဲ ကျန်နေခဲ့တယ်လို့ ဆိုပါတယ်။ 

ပင့်သာကျေးရွာဟာ ကျွန်းလှ-ကောလင်းလမ်းပိုင်းရှိ အိမ်ခြေ ၆၃၅ အိမ်ရှိတဲ့ ရွာကြီးတရွာဖြစ်ပြီး အခုတကြိမ်နဲ့ ဆိုရင် မီးရှို့ခံရတာ ၅ ကြိမ်မြောက် ရှိပြီလို့ သိရပါတယ်။  

၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်မှာ အိမ် ၂၈ လုံး၊ နိုဝင်ဘာ ၁၃ ရက်မှာ အိမ် ၃၅ လုံး၊ ဒီဇင်ဘာ ၅ ရက်မှာ တကြိမ်၊ ၂၀၂၃ ခုနှစ် မတ်လ ၄ ရက်နဲ့ ၅ ရက်မှာ အိမ် ၅၁ လုံးနဲ့ လယ်ယာသုံးပစ္စည်းအချို့ မီးရှို့ခံခဲ့ရတာပါ။ 

ဒါ့အပြင် ခုလိုစစ်တပ်က စစ်ကြောင်းထိုးမီးရှို့နေလို့ ပင့်သာရွာအနီးရှိ ကျေးရွာ ၁၀ ရွာကျော်က ဒေသခံတွေလည်း နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ 

 

စာတည်း - လင်း

#မြေလတ်အသံ

#စစ်ကိုင်း #ကန့်ဘလူ #ပင့်သာရွာ #စစ်ကောင်စီ #မီးရှို့ #ဒေသခံ #ထွက်ပြေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10