ကန့်ဘလူ၊ အင်းလယ်ကြီးရွာက နေအိမ်တွေကို စစ်တပ်ကမီးရှို့ပြီး ရွာသား ၂ ဦးကိုလည်းသတ်သွား
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်၊ အင်းလယ်ကြီးရွာက နေအိမ် ၇၀ ကျော်ကို စစ်ကောင်စီတပ်တွေက မီးရှို့သွားတဲ့အပြင် ရွာသား ၂ ဦးကိုလည်း သတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်အုပ်စုဟာ ဧပြီလ ၃ ရက် ညနေ ၄ နာရီလောက်မှာ လက်နက်တွေပစ်ဖောက်ဝင်ရောက်လာပြီးနောက် စိတ်ကျန်းမာရေးချို့တဲ့သူ အသက် ၂၅ နှစ်အရွယ် ကိုဝလီနဲ့ အသက် ၇၀ အရွယ် ဦးဌေးမောင် တို့ကို သတ်သွားတာလို့ ဒေသခံတဦးက ပြောပါတယ်။
“ကိုဝလီက မွေးရာပါ စိတ်မမှန်တဲ့သူပါ၊ ရွာထဲမှာ သူသွားချင်သလိုသွားနေတာ။ စစ်သားတွေလားလည်းသူမသိဘူး၊ သူသွားချင်သလိုသွားနေတယ်။ ကျနော်တို့မနေ့က (ဧပြီလ ၄) ရွာထဲကို မီးဝင်ငြိမ်းတဲ့အချိန် အူတွေထွက်နေတဲ့ သူ့အလောင်းကို သူ့အိမ်ရှေ့မှာတွေ့တယ်။ ဦးဌေးမောင်အလောင်းကိုတော့ ဒီမနက်မှ သူ့အိမ်ပေါ်မှာတွေ့တယ်”လို့ ဆိုပါတယ်။
ကိုဝလီကိုတော့ စစ်အုပ်စုက လမ်းမှာတင်သေနတ်နဲ့ပစ်သတ်ခဲ့ပြီး ဦးဌေးမောင်ကိုတော့ လက်ပြန်ကြိုးတုပ်ပြီးမီးရှို့သတ်ခဲ့တာလို့လည်း ဆိုပါတယ်။
ဦးဌေးမောင်ကို ကျေးရွာကာကွယ်ရေးပကဖတပ်ဖွဲ့တွေက ကျေးရွာထဲကနေ ထွက်ဖို့ခေါ်ခဲ့ပေမယ့် မလိုက်ပဲ ရွာထဲမှာကျန်နေခဲ့ရာမှာ အခုလို အသတ်ခံလိုက်ရတာလို့ ကျေးရွာပကဖ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
“အရင်စစ်ကြောင်းတွေလာတိုင်း ဦးဌေးမောင်ကို ဘာမှမလုပ်ဘူး။ သူက အသက်ကြီးပြီဆိုတော့ အိမ်မှာပဲနေခဲ့တာများတယ်။ ဒီတခေါက်စစ်ကြောင်းလာတော့ သူ့ကိုသွားခေါ်တယ်၊ သူမလိုက်ဘူး အိမ်မှာပဲနေခဲ့မယ်ဆိုပြီး နေခဲ့လိုက်တာ၊ အခုလိုဖြစ်သွားတယ်”လို့ ဆိုပါတယ်။
သေဆုံးသွားတဲ့ ကိုဝလီရဲ့ အလောင်းကိုတော့ ဧပြီလ ၄ ရက်မနေ့က သင်္ဂြုလ်ပေးလိုက်ပြီး ဦးဌေးမောင်ရဲ့ရုပ်အလောင်းကိုတော့ ဒီမနက်မှ သဂြိုလ်ပေးလိုက်တယ်လို့ သိရပါတယ်။
အိမ်ခြေ ၈၀၀ ကျော်ရှိတဲ့ အင်းလယ်ကြီးရွာဟာ အခုလိုမီးရှို့ခံရတာ ဒုတိယအကြိမ်ရှိပြီဖြစ်ပြီး၊ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတုန်းကလည်း စစ်ကောင်စီတပ်ဖွဲ့တွေက အိမ်ခြေ ၁၃၆ လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့ပါသေးတယ်။
ပုံစာ - စစ်တပ်က မီးရှို့ခဲ့သည့် အင်းလယ်ကြီးရွာ။
စာတည်း - လင်း
#မြေလတ်အသံ
Share
Share
Share