ကန်နီရွာက စစ်အုပ်စုကို ၂ ရက်ဆက် တိုက်ခိုက်ရာ သေဆုံးမှုရှိဟုဆို

ကန်နီရွာက စစ်အုပ်စုကို ၂ ရက်ဆက် တိုက်ခိုက်ရာ သေဆုံးမှုရှိဟုဆို

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ စစ်သားနဲ့ပျူစောထီးတွေ အထိုင်ချတပ်စွဲနေတဲ့ ကန်နီရွာကို ဒေသခံ ကာကွယ်ရေးတပ်တွေက သြဂုတ် ၆ ရက် မနေ့ ညပိုင်းနဲ့ သြဂုတ် ၇ ရက် ဒီမနက်ပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ - MRG ဆီက သိရပါတယ်။ 

မနေ့ည ၉ နာရီနဲ့ ဒီမနက် ၅ နာရီလောက်မှာ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကြတာဖြစ်ပြီး၊ ဒီမနက်ပစ်ခတ်ချိန်မှာတော့ စစ်သားနဲ့ပျူစောထီးတွေဘက်ကလည်း ပြန်လည်ပစ်ခတ်တာကြောင့် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု နာရီဝက်လောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

“၂ ရက်ဆိုတာထက် ညအိပ်ပြီး တိုက်တာလို့ပြောရင် ပိုမှန်ပါတယ်။ လက်နက်ကြီးက ညတုန်းက တမင်မိုးချုပ်မှ ပစ်တာပါ။ မနက်ခင်းကို ဝင်ပစ်ချင်လို့။ သူတို့ဘက်က ထိခိုက်သေဆုံးတာတွေ လည်း ရှိတယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်တာတွေ မရှိပါဘူး ” လို့ MRG တပ်ဖွဲ့ဝင် ကိုပေါင်မုန့်က ပြောပါတယ်။

ဒီပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်က ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာ ရရှိခဲ့ကာ စစ်ကောင်စီဘက်က ဘန်ကာတွေကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီထိခိုက်သေဆုံးမှုနဲ့ပက်သက်ပြီး မြေလတ်အသံက အတည်မပြုနိုင်သေးပါဘူး။

ဒီပစ်ခတ်မှုကို ဒေါင်းနီ - PDF၊ M.P.L (တိုက်နယ် - ၄ ပကဖ)၊ သပြေတော ပကဖ၊ ဆင်ရိုင်းရာဇာတပ်ဖွဲ့၊ နဂါးနီ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ (မြိုင်ပကဖ တပ်ရင်း - ၃)၊ ပခုက္ကူခရိုင် တပ်ရင်း - ၁၅၊ Pakokku Special Task Force နဲ့ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ - MRG တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

သြဂုတ် ၁ ရက်ကလည်း မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ နဲ့ အဆိုပါပျူစောထီးတပ်ဖွဲ့တို့ ထိတွေ့ပစ်ခတ်မှု ဖြစ်ပြီး ပျူစောထီးတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးကာ ဆိုင်ကယ် ၂ စီး၊ Laptop တလုံး၊ ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#မကွေး #မြိုင် #ကန်နီ #PDF #တိုက်ခိုက် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10