ကန်ဘလူမှာ ၂ ရက်အတွင်း စစ်ရှောင် ၃ ဦးမြွေကိုက်ခံရ၊ မေလအတွင်း မြွေကိုက်ခံရသူ ၆ ဦးထိရှိလာ

ကန်ဘလူမှာ ၂ ရက်အတွင်း စစ်ရှောင် ၃ ဦးမြွေကိုက်ခံရ၊ မေလအတွင်း မြွေကိုက်ခံရသူ ၆ ဦးထိရှိလာ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲမှာ ၂ ရက်အတွင်း စစ်ရှောင်အမျိုးသား ၂ ဦးနဲ့ အမျိုးသမီးတဦး မြွေကိုက်ခံရတာကြောင့် မေလအတွင်းမြွေကိုက်ခံရသူ ၆ ဦးအထိ ရှိလာတယ်လို့ သိရပါတယ်။

ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်က အသက် ၅၆ နှစ်အရွယ် အမျိုးသမီးတဦးနဲ့ အသက် ၃၂ နှစ်အရွယ် အမျိုးသားတဦးတို့က မေလ ၂၁ ရက်မှာ မြွေအကိုက်ခံခဲ့ရပြီး၊ ချပ်သင်းတိုက်နယ်က အသက် ၂၇ နှစ်အရွယ် အမျိုးသားကတော့ မေလ ၂၀ ရက်မှာ အကိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။ 

"အခုလအတွင်းကတော့ မြွေကိုက်ခံရသူ ၆ ဦးရှိပါပြီ။ အခု ၂ ရက်အတွင်း မြွေကိုက်ခံရတဲ့ အသက် ၅၆ နှစ်အရွယ် အမျိုးသမီးနဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသားတို့ဟာ စိတ်ချရတဲ့အနေအထားမှာ ရှိနေပါပြီ။ ၃၂ နှစ်အရွယ် အမျိုးသားကိုတော့​ ကျန်းမာရေးကိုစောင့်ကြည့်နေပါတယ်" လို့ NUG လက်အောက်ခံ ကျန်းမာရေးဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။


ဆေးဝါးကုသမှုပေးရာမှာ တခါတရံလူနာရှိတဲ့ နေရာမျိုးတွေဆီ လိုက်သွားရတာမျိုးရှိပြီး စစ်ကောင်စီစစ်ကြောင်းတွေကို ရှောင်သွားရတာမျိုးတွေလည်း ရှိတယ်လို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် ကန်ဘလူမြို့နယ်၊ ချပ်သင်းတိုက်နယ်ထဲမှာ မေလ ၁ ရက်က ၂၈ နှစ်အရွယ် အမျိုးသားတဦး၊ မေလ ၁၅ ရက်က ၅၃ နှစ်အရွယ် အမျိုးသမီးတဦး၊ ဇီးကုန်းတိုက်နယ်မှာ မေလ ၁၂ ရက်က ၁၇ နှစ်အရွယ် အမျိုးသားတဦးတို့ မြွေကိုက်ခံခဲ့ရတာကြောင့် အခုမေလအတွင်း မြွေကိုက်ခံရသူ ၆ ဦးရှိလာတာ ဖြစ်ပါတယ်။ သူတို့တွေကတော့ သေဆုံးမှုမရှိခဲ့ပါဘူး။

ကန့်ဘလူမြို့နယ်မှာ ပြီးခဲ့တဲ့နှစ်ကနေ အခုနှစ် မေလ ၂၁ ရက်အထိ မြွေကိုက်ခံရသူ ၆၇ ဦးရှိပြီး၊  အဲဒီအထဲမှာ ဝက်သဟင်းရွာက မောင်မိုးဟိန်း ၈ နှစ်၊ လျော်ဖြူကုန်းရွာက မလှလှမျိုး ၉ နှစ်၊ အလယ်ခုံရွာက ဦးဌေးမြင့် ၅၄ နှစ်နဲ့ ကိုရဲလင်း ၂၇ နှစ်၊ ကိုင်းရိုးရွာက ဦးဝင်းညွှန့် ၆၁ နှစ်နဲ့ မလယ်တိုက်နယ်က ဦးကျော်ညွှန့် ၅၃ နှစ်တို့ ၆ ဦး သေဆုံးခဲ့ရတယ်လို့ ကျွန်းလှတက်ကြွလူပ်ရှားများအဖွဲ့ရဲ့ ထုတ်ပြန်တဲ့စာရင်းအရ သိရပါတယ်။

ကန့်ဘလူနယ်အတွင်းက မြွေကိုက်ခံရသူတွေကို အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ လက်အောက်ခံ မြို့နယ်ကျန်းမာရေးဌာနက ကုသပေးခဲ့တာဖြစ်ပြီး၊ မြေကိုက်ခံရသူအများစုဟာ စစ်ရှောင်တွေဖြစ်တယ်လို့ သိရပါတယ်။

ကန့်ဘလူနယ်အတွင်းမှာ စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းထိုးမီးရှို့လို့ ချင်မြစ်ကျင်း၊ သိုးဘိုး၊ တောင်းတည်းကုန်း၊ ဖလံချိုင်၊ သရက်ကောင်း၊ ညောင်ဇင်ကြီး၊ မင်းကုန်း (က)၊ ပေလယ်၊ ဘိုကုန်း၊ ဘိုတဲကုန်း၊ သပြေသာလေး၊​ ဆူးပုတ်ကုန်း၊ ထိန်တော၊ အင်းလယ်ကြီး၊ သရက်တာ၊ ရွာမ၊ ဥာဏ်အင်း၊ ညောင်ပေါင်းရင်း စတဲ့ကျေးရွာတွေက ဒေသခံသောင်းချီ ထွက်ပြေးတိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။

စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #ကန့်ဘလူ #စစ်ရှောင် #မြွေကိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10