သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ရွှေဘိုးကျွန်းရွာအခြေစိုက် ကပစ ၂၂ ကိုလာတဲ့စစ်ကား ၁ စီး တိမ်းမှောက်ခဲ့တာကြောင့် စစ်သား ၁ ဦးထိခိုက်ခဲ့တယ်လို့ ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
နိုဝင်ဘာ ၇ ရက် ဒီမနက် ၁၁ နာရီကျော်မှာ ဆိပ်ဖြူ-ဆောနဲ့ ဆိပ်ဖြူ-ပေါက်လမ်းဆုံ ဒေသအခေါ် ၁၀ မိုင်လမ်းဆုံကနေထွက်လာတဲ့ အင်အား ၁၀ ဦးခန့်ပါ စစ်ကား ၁ စီးဟာ ချထောက်ရွာနဲ့ အုန်းမှင်ရွာကြားအရောက်မှာ တိမ်းမှောက်ခဲ့ရာက စစ်သား ၁ ဦးလက်ကျိုးခဲ့တာလို့ ဆိုပါတယ်။
“သူတို့ကားမှောက်တဲ့နေရာက ချောက်ဘက်ကနေလာလို့ရှိရင် ကုန်းဆင်းရှိတယ်။ အဲဒီကုန်းဆင်းမှာ အရှိန်မထိန်းနိုင်ဘဲနဲ့ မှောက်တာ။ ပုံမှန်က အဲ့ဒီလမ်းပိုင်းက မိုင်းဆွဲတဲ့နေရာ၊ ဒီနေ့တော့မိုင်းလည်း အဆွဲမခံရဘူး။ သူတို့ဟာနဲ့အရှိန်များပြီးတော့ မှောက်တာ။”လို့ ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်က ပြောပါတယ်။
လက်ကျိုးသွားတဲ့ စစ်ကောင်စီတပ်သားကို ဆိပ်ဖြူဆေးရုံကိုပို့ထားပြီး မှောက်သွားတဲ့ ကားကိုတော့ နောက်ထပ်ကား ၁ စီးက ကပစ ၂၂ ထဲကို ဆွဲသွားကြောင်းကို တပ်တွင်းသတင်းပေးရဲ့ ပြန်လည်ပြောပြချက်အရ သိရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဆိပ်ဖြူ-ဆောလမ်းပေါ်မှာရှိတဲ့ သပြေရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကလည်း ဒေသခံရွာသား ၁ ဦးကိုဖမ်းဆီးပြီး သတ်ဖြတ်ခဲ့တယ်လို့ ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်က ပြောပါတယ်။
နိုဝင်ဘာ ၃ ရက် ည ၉ နာရီလောက်မှာ သပြေရွာကိုဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက လမ်းမှာတွေ့တဲ့ ရွာခံအမျိုးသား ၁ ဦးကို ဆိပ်ဖြူအခြေစိုက် လကတ ၃၀၃၆ တပ်ဆီ ဖမ်းခေါ်သွားပြီး နိုဝင်ဘာ ၄ ရက်မှာ မိသားစုဝင်တွေက လိုက်သွားပေမယ့် တွေ့ခွင့်မပေးခဲ့ဘူးလို့ ဆိုပါတယ်။
အဲ့ဒီနောက် နိုဝင်ဘာ ၅ ရက် နေ့လယ် ၁ နာရီလောက်မှာတော့ သပြေကျေးရွာနဲ့ ရွာသာအေးကျေးရွာအကြားမှာ လည်လှီးအသတ်ခံထားရတဲ့ပုံစံနဲ့ ဒေသခံတွေက တွေ့ခဲ့ရတာလို့ အထက်ပါတပ်ဖွဲ့ဝင်က ပြောပါတယ်။
“မိသားစုတွေက သွားတွေ့တာပေါ့။ သွားတွေ့တော့ ထမင်းမကျွေးဘူးပေါ့။ ၁ ရက်အငတ်ထားမယ် ၅ ရက်နေ့ကျရင် ဖမ်းထားတဲ့ပြည်သူကို ချောက်ကိုပို့မယ်ပေါ့။ အဲ့လိုပြောတော့ ၅ ရက်နေ့မှာ အဖမ်းခံရတဲ့ သူကိုခေါ်ပြီး ချောက်တောင်မရောက်လိုက်ဘူး။ သူတို့ရွာအနီးက ချောင်းဘေးမှာပဲ လည်ပင်းလှီး သတ်ခဲ့ပြီးတော့ အလောင်းကိုစွန့်ခဲ့တယ်။ သပြေကျေးရွာပြည်သူတွေကပဲတွေ့ပြီး မိသားစုကို အကြောင်းကြားခဲ့တာ။” လို့ သူကဆက်ပြောပါတယ်။
သေဆုံးသူဟာ အသက် ၃၈ နှစ်အရွယ်ရှိပြီး သူ့ဈာပနကိုတော့ နိုဝင်ဘာ ၅ ရက်မှာပြုလုပ်ပြီး သင်္ဂြိုဟ်ပေးလိုက်တယ်လို့ ဆိုပါတယ်။
ဆိပ်ဖြူမြို့နယ်အတွင်း စစ်ကောင်စီတပ်သားတွေရဲ့ စစ်ကြောင်းထိုးမှုတွေနဲ့ စစ်ရေးအခြေအနေတွေကြောင့် အောက်တိုဘာ ၁၃ ရက်ကစလို့ ဆိပ်ဖြူ-ဆော ကားလမ်းပိုင်းကို စစ်ခြေအနေအရ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပိတ်ထားခဲ့ရပြီး အောက်တိုဘာ ၁၆ ရက်မှာပြန်ဖွင့်ခဲ့တယ်လို့ သိရပါတယ်။
ပုံစာ - စစ်ကောင်စီယာဉ်တန်းအား တွေ့ရစဉ်။ (ပုံဟောင်း)
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #ဆိပ်ဖြူ #စစ်ကောင်စီ #ကားမှောက် #ဒေသခံသတ်ဖြတ်
Share Share Share