ကပစ ၂၄ တပ်ထဲကို ဖမ်းဆီးခေါ်သွားခံရတဲ့ ပေါက်နယ်ဒေသခံ ၄ ဦး အဆက်အသွယ်ပြတ်နေ

ကပစ ၂၄ တပ်ထဲကို ဖမ်းဆီးခေါ်သွားခံရတဲ့ ပေါက်နယ်ဒေသခံ ၄ ဦး အဆက်အသွယ်ပြတ်နေ

မကွေးတိုင်း၊ ပေါက်မြို့နယ်အခြေစိုက် အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ၂၄) တပ်အတွင်း ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ ပေါက်နယ်ဒေသခံအမျိုးသား ၄ ဦး မိသားစုနဲ့ အဆက်အသွယ်ပြတ်နေတယ်လို့ ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အသက် ၃၀ ကနေ ၄၀ အကြားရှိ ကျောက်မဲတောင်ရွာက ဦးဇော်လေး ၊ ခင်အေးရွာက ဦးမင်းနောင် ၊ မျှားပိုင်းရွာက ဦးလှဝင်းမောင်နဲ့ ပလောင်းရွာက ဦးကျော်မြင့်တို့ ၄ ဦးဖြစ်ပြီး အောက်တိုဘာ ၁၂ ရက်မနက် ၁၁ နာရီဝန်းကျင်လောက်က ပလောင်းကျေးရွာလမ်းအတိုင်း ထွက်လာစဉ် သစ်ချိုကုန်းရွာအနီးအရောက်မှာ ကပစ ၂၄ ကိုပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တိုးကာ  ဖမ်းဆီးခံလိုက်ရတာလို့ ဆိုပါ တယ်။

“ သူတို့ကရွာနားနီးချင်းတွေဆီကနေ နွား၊ ဆိတ်ရောင်းဝယ်ရေးလုပ်ဖို့သွားရင်းနဲ့ အဖမ်းခံလိုက်ရတာပါ ။ ကျနော်တို့ ရဲဘော်တွေရဲ့စောင့်ကြည့်ကင်းအရ လက်ပြန်ကြိုးတုတ်ပြီးခေါ်သွားတယ် “ လို့ ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံကိုစစ်က မြေလတ်အသံကို ပြောပါတယ်။

အဆိုပါအမျိုးသား ၄ ဦးကို စစ်ကောင်စီစစ်ကြောင်းက ကပစ ၂၄ ဖမ်းခေါ်သွားခဲ့ပြီး ၂ ရက်ကြာ ဒီကနေ့အထိ ပြန်လွတ်လာတာမရှိသေးသလို မိသားစုနဲ့လည်း အဆက်သွယ်ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ပျူစောထီးအားကောင်းတဲ့ သစ်ချိုကုန်းရွာကို ကပစ ၂၄ က စစ်ကောင်စီတပ်သားတွေရောက်ရှိလာပြီး လူချိန်းပြောင်းတာနဲ့ သစ်ချိုကုန်းရွာပျူစောထီးတွေကို လက်နက်တပ်ဆင်ပေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၉ ရက်ကလည်း ပေါက်မြို့နယ် ရွာသစ်စုကျေးရွာက ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့လို့ ဒေသခံ ၂ ဦးထိမှန်ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းဆောင်တချို့နဲ့ နေအိမ်တချို့ ထိမှန်ပျက်ဆီးသွားပါသေးတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မကွေး #ပေါက် #ဒေသခံ #ဖမ်းဆီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10