ကလေးငယ်တွေအတွက် ဖွင့်ထားတဲ့စာကြည့်တိုက်မှာ စာအုပ်သစ်​တွေလိုအပ်နေ

ကလေးငယ်တွေအတွက် ဖွင့်ထားတဲ့စာကြည့်တိုက်မှာ စာအုပ်သစ်​တွေလိုအပ်နေ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲမှာ ဖွင့်လှစ်ထားတဲ့ ကိုယ်ထူကိုယ်ထ စာကြည့်တိုက်မှာ စာအုပ်သစ်တွေ ထပ်မံဖြည့်တင်းဖို့ လိုအပ်နေတယ်လို့ "ရောင်နီလမ်း" စာကြည့်တိုက်မှူး လရိပ်မေက ပြောပါတယ်။

အဲဒီစာကြည့်တိုက်ကို ပြီးခဲ့တဲ့နှစ် ဇူလိုင် ၂၃ ရက်က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကလေးစာပေအပြင် လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေပါ ဖတ်ရှုနိုင်တဲ့ စာအုပ်ပေါင်း ၄၅၀ ရှိတယ်လို့ ဆိုပါတယ်။ 

”ကလေးတွေက စာအုပ်အသစ်တွေ ဖတ်ချင်ကြတယ်ဆိုတော့ အသစ်တွေထပ်ဖြည့်ဖို့ အင်အားနည်းနေတာပါပဲ။ လက်ရှိ ပြည်တွင်းစစ်ကာလမှာ ကျောင်းတက်ခွင့် ပညာသင်ကြားခွင့်  ကလေးအခွင့်အရေးတွေ ဆုံးရှုံးပြီး စိတ်ဒဏ်ရာတွေနဲ့ လမ်းပျောက်နေပြီး ကျောင်းပြင်ပ ပညာသင်ကြားနေကြတဲ့ ကလေးတွေအတွက် ရည်ရွယ်တဲ့ စာကြည့်တိုက်ဖြစ်တယ်” လို့စာကြည့်တိုက်မှူး မလရိပ်မေက ပြောပါတယ်။

ဒါ့အပြင် ကောင်းမှုနဲ့ ဉာဏ်ပညာ ချို့ယွင်းပြုန်းတီးခဲ့ရတဲ့ တည်ရှိပြီးသား မျိုးဆက်ကို ပြုပြင်ပြောင်းလဲခြင်းထက် နောင်အနာဂတ်မျိုးဆက်ကို စာပေရဲ့လမ်းညွှန်မှုနဲ့ လူတော်ဖြစ်ရုံမက လူကောင်းတွေဖြစ်စေချင်တဲ့  ဆန္ဒလည်းရှိတဲ့အပြင် စာဖတ်တဲ့ အလေ့အကျင့်ကို ပျိုးထောင်ပေးချင်တဲ့အတွက်လည်း ပါဝင်တယ်လို့ သူက ဆက်ပြောပါတယ်။

ကလေးငယ်တွေ စဉ်းစားတွေးခေါ်မှု အရည်အသွေးတွေ တိုးတက်ကောင်းမွန်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့  ရည်ရွယ်သလို အနာဂတ်ရောင်နီဆီကို အရောက်သွားနိုင်ဖို့အတွက် ခင်းပေးလိုက်တဲ့ လမ်းလို့ယုံကြည်ပြီး စာကြည့်တိုက်အမည်ကိုလည်း "ရောင်နီလမ်း"လို့ ပေးခဲ့တာဖြစ်တယ်လို့  လရိပ်မေက ဆိုပါတယ်။

အဲဒီစာကြည့်တိုက်ကို တပတ်မှာ ၂ ရက်ဖွင့်လှစ်ပေးကာ KG ကနေ Grade 11 ထိ ကျောင်းသားကျောင်းသူ ၁၀၀ ကျော်လာရောက်ကြပြီး  သူတို့ကို ရောင်နီလမ်းစာကြည့်တိုက်မှူးနဲ့ အဖွဲ့ဝင်တွေက  တာဝန်ယူစောင့်ရှောက်ကြပါတယ်။

စာဖတ်တာအပြင် ဖတ်ထားတဲ့စာကို ပြန်လည်မျှဝေတဲ့ Sharing အစီအစဉ်  Presentation နဲ့ Group work ပြုလုပ်ရတဲ့ အစီအစဉ်တွေလည်း ပြုလုပ်စေတယ်လို့ စာကြည့်တိုက်မှူးနဲ့ အဖွဲ့ဝင်တွေက ပြောပါတယ်။

အလားတူ စက္ကူခေါက်၊ ချည်ထိုးပညာရပ်တွေကိုလည်း သင်ကြားပေးပြီး အားကစားပွဲတွေ ပြုလုပ်ကာ ဆုချီးမြှင့်တာ စတဲ့ ကာယ၊ ဉာဏပြိုင်ပွဲတွေကိုလည်း တတ်အားသရွေ့ လုပ်ဆောင်ပေးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စာကြည့်တိုက်ကို လာရောက်သူတွေထဲက Grade - 11အဆင့် ကျောင်းသား/သူ ၈ ဦးကိုလည်း မတ်လ ၁၀ ရက်က စပြီး ကွန်ပျူတာ ၂ လုံးနဲ့ နေ့/ည ခွဲကာ ကွန်ပျူတာအခြေခံပညာကို သင်ကြားပေးတယ်လို့ ပြောပါတယ်။

အဲဒီစာကြည့်တိုက်ကို CDM တက္ကသိုလ်ကျောင်းသူ သုံးဦးနဲ့ အခြေခံပညာကျောင်းသူ သုံးဦးပေါင်းကာ ဖွင့်လှစ်ထားတာလို့ သိရပြီး လှူဒါန်းချင်ရင် "ရောင်နီလမ်း"  လူမူကွန်ရက်စာမျက်နာကနေ ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။ 

ပုံစာ - ရောင်နီလမ်းစာကြည့်တိုက်ရဲ့ လူပ်ရှားမှုပုံရိပ်များ။

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ယင်းမာပင်မြို့  #ကိုယ်ထူကိုယ်ထ #စာကြည့်တိုက် #စာအုပ်သစ် #ရောင်နီလမ်း #စာကြည့်တိုက်မှူး #လရိပ်မေ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10