ကလေးနယ်က ရွာ ၂ ရွာကို စစ်အုပ်စုက မကြာခဏပစ်ခတ်နေလို့ ဒေသခံတွေရွာပြန်မကပ်နိုင်သေး

ကလေးနယ်က ရွာ ၂ ရွာကို စစ်အုပ်စုက မကြာခဏပစ်ခတ်နေလို့ ဒေသခံတွေရွာပြန်မကပ်နိုင်သေး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ ထိုမာရွာနဲ့ သာယာကုန်းကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်သားတွေက မကြာခဏပစ်ခတ်တာတွေလုပ်နေတာကြောင့် ဒေသခံတွေရွာကတိမ်းရှောင်နေရကာ ၅ လကျော်ကြာတဲ့အထိ ရွာကို မပြန်နိုင်ကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ 

ထိုမာရွာနဲ့ သာယာကုန်းကျေးရွာဟာ ၁ မိုင်လောက်သာဝေးပြီး စစ်ကောင်စီဘက်က မကြာခဏဆိုသလို ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေလုပ်နေတာကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလောက်ကစပြီး ဒေသခံတွေ ရွာကထွက်ပြေးနေရတာလို့ ဆိုပါတယ်။

“ထိုမာရွာထဲကို စစ်သားတွေဝင်ကတည်းက ရွာသားတွေက ရှောင်နေခဲ့တာ။ အခုထိလည်း ဝင်လို့မရသေးဘူး။ ရွာထဲကို အချိန်မရွေးလက်နက်ကြီးတွေလည်း ကျနိုင်တယ်။ ပြည်သူတွေထိမှာကြောက်လို့ ပကဖတွေက ရွာထဲပေးမဝင်သေးဘူး။” လို့ ဒေသခံတဦးက ပြောပါတယ်။

အဲ့ဒီကျေးရွာတွေကို စစ်ကောင်စီတပ်သားတွေက တပတ်မှာ အနည်းဆုံး ၄ ကြိမ်လောက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလို့ ဆိုပါတယ်။ 

သာယာကုန်းကျေးရွာမှာ လူဦးရေ ၅၀၀ ဝန်းကျင်နဲ့ အိမ်ခြေ ၃၀၀ ကျော်၊ ထိုမာရွာမှာ အိမ်ခြေ ၁၀၀၀ ကျော်ရှိကာ ၂ ရွာပေါင်း လူဦးရေ ၂၀၀၀ ကျော်ရှိကာ အားလုံးနီးပါးက ရွာကတိမ်းရှောင်နေကြတာဖြစ်ပြီး တချို့ကတောထဲမှာ နေထိုင်နေပြီး တချို့ကတော့အခြားကျေးရွာနဲ့ ဆွေမျိုးတွေရှိရာနေရာတွေမှာ နေထိုင်နေရတယ်လို့ ဆိုပါတယ်။ 

"ကျနော်တို့ ရွာ ၂ ရွာက တရက်တည်းပြေးကြရတာ။ ထိုမာရွာက စစ်တပ်အထိုင်ချထားတဲ့ရွာနဲ့နီးတော့ အဲဒီရွာကတော့ အခုချိန်ထိရွာထဲ ဘယ်သူမှပြန်နေလို့ မရသေးဘူး။ သာယာကုန်းရွာက ဒေသခံတချို့ကတော့ ရွာထဲပြန်နေနေကြတယ်" လို့ သာယာကုန်းရွာသားတဦးက ပြောပါတယ်။

လက်ရှိမှာတော့ ထိုမာရွာက ဒေသခံတွေအားလုံးနီးပါးဟာ တောတွေထဲမှာ တဲထိုးနေနေပြီး စားသောက်ဖို့ကိုတော့ နီးစပ်ရာ ကျေးရွာဒေသခံတွေဆီကနေတဆင့် ယူဆောင်နေရတယ်လို့ သိရပါတယ်။

လက်ရှိမှာ သာယာကုန်းရွာမြောက်ဘက်မှာရှိတဲ့ GTC(နည်းပညာကျောင်း)မှာ စစ်ကောင်စီတပ်သားတွေက အထိုင်ချ တပ်စွဲထားပြီး ကလေးမြို့ပေါ်နဲ့ ကျေးရွာအချို့မှာလည်း တပ်စွဲနေတာတွေရှိတယ်လို့ ဆိုပါတယ်။ 

ခုလိုစစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်‌ကလည်း သာယာကုန်းရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသွားပြီး အဲဒီရွာက အမျိုးသား ၁ ဦး နဲ့ ကလေး ၂ ဦး ထိမှန်ဒဏ်ရာရရှိသွားသလို နေအိမ်ခေါင်မိုးတချို့လည်း ကျည်စထိမှန်ခဲ့သေးတယ်လို့ ဒေသခံတဦးက ဆိုပါတယ်။ 

ဒါ့အပြင် ဇူလိုင် ၅ ရက်ဒီမနက် ၁၀ နာရီလောက်မှာလည်း စစ်ကောင်စီဘက်က ထိုမာရွာနဲ့ သာယာကုန်းကျေးရွာကြားကို ဒရုန်းသုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သာယာကုန်ကျေးရွာမှာရှိနေတဲ့ ချင်းကာကွယ်ရေးရဲဘော်တဦး ဗုံးစထိမှန်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။ 

“ဒီနေ့ စစ်**တွေက ကလေးမြို့ကနေ ကားတစီးနဲ့လာပြီးတော့ သာစည်ရွာမှာရပ်ထားခဲ့တယ်။ အဲ့ကနေ ဒရုန်းတွေဆင်ပြီး ထိုမာနဲ့ သာယာကုန်းကိုလွှတ်တာဗျ။ လေး၊ငါးချက်လောက် ကြဲသွားတယ်။ ထိသွားတဲ့ရဲဘော်ကတော့ အသက်အန္တရာယ် မစိုးရိမ်ရပါဘူး” လို့ ကလေးနယ်ခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၁ ရက်ကစပြီး ကလေးတောင်ပိုင်းနဲ့မြောက်ပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့အကြား ထိတွေ့တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် ကလေးတောင်ပိုင်းက မြောင်းဆုံ၊ ရှားတော၊ လေးအိပ်စု၊ သုံးအိမ်စု၊ စည်းဆိုင် စတဲ့ကျေးရွာတွ နဲ့ ကလေးမြောက်ပိုင်းရှိ ကံကြီးရွာ၊ ကံသာယာရွာအပါအဝင်အခြားကျေးရွာတချို့က ဒေသခံရာချီလည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကလေး #စစ်ကောင်စီ #ပစ်ခတ် #ဒေသခံ #ထွက်ပြေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10