ကလေးနယ်က စစ်ရှောင်ပြည်သူတွေအတွက် ဆေးခန်းအသစ် ၁ ခု ဖွင့်လှစ်ကုသပေး(ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်တောင်ပိုင်းရှိ စစ်ရှောင်ပြည်သူတွေအတွက် လိုအပ်နေတဲ့ ဆေးခန်းတခုကို ဇူလိုင်လ ၁၃ ရက်နေ့က စတင်ဖွင့်ကာ ဆေးကုသပေးနေတယ်လို့ ဆေးကုသပေးနေသူတွေဆီက သိရပါတယ်။ 

စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ရွာလုံးကျွတ်မီးဘေးသင့်ခဲ့ရပြီး နေရပ်မပြန်နိုင်တဲ့ စစ်ရှောင် ၂၀၀၀ ကျော်အတွက် ဆေးကုသဖို့အတွက် အဲဒီဆေးခန်းကို ဖွင့်လှစ်ပေးခဲ့တာလို့ ခဏတာအရိပ်ဆေးရုံ- Prometheus တာဝန်ခံလည်းဖြစ် အခုဖွင့်လှစ်တဲ့ ဆေးခန်းရဲ့ တာဝန်ခံလည်းဖြစ်သူ ဒေါက်တာ PK က ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ လမ်းခရီးသွားလာရေးခက်ခဲတာနဲ့၊ စားဝတ်နေရေးအဆင်မပြေကြတဲ့အတွက် ငွေကြေးခက်ခဲမှုလည်းရှိလို့ ကျန်းမာရေးအတွက် ရေရှည်ဆေးကုသပေးနိုင်ဖို့ ရည်ရွယ်ပြီးဖွင့်လှစ်ခဲ့တာလို့ ဒေါက်တာ PK ကဆက် ပြောပါတယ်။

ဆေးခန်းမှာ အခမဲ့ကုသပေးနေတာဖြစ်သလို အဖွဲ့အစည်းတခုရဲ့ကူညီထောက်ပံ့မှုနဲ့ လိုအပ်တဲ့ဆေးဝါးပစ္စည်းတွေကို ၃ လကျော် ဆေးကုသနိုင်တဲ့အထိ ရရှိထားတယ်လို့ သိရပါတယ်။

ဆေးခန်းစတင်ဖွင့်ချိန်ကစပြီး ၁ ရက်ကို လူနာ ၁၀ ဦးထက်မနည်း ဆေးကုသပေးနေရသလို မိုးတွင်းကာလမှာ တုပ်ကွေးရောဂါတွေအဖြစ်များတယ်လို့ ဆိုပါတယ်။

ဆေးခန်းဖွင့်လှစ်ဖို့အတွက် သွပ်မိုး၊ ထရံကာ အဆောက်အအုံကို သိန်း ၅၀ ကျော်ကုန်ကျခံ ကာ ပြည်တွင်းပြည်ပ အလှူရှင်တွေရဲ့အလှူငွေနဲ့ ဆောက်လုပ်ခဲ့ပြီး စစ်ရှောင်တွေဆီက ငွေ ကြေးကောက်ခံတာမျိုးမရှိဘူးလို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ရှောင်ပြည်သူတွေဟာ တောတွင်းမှာယာယီတဲငယ်တွေနဲ့ နေထိုင်ကြသလို သီးနှံစိုက်ခင်းတွေ စိုက်ပျိုးနေကြပြီး အနီးဝန်းကျင်ရွာတွေမှာ ကြုံရာကျပန်းအလုပ်တွေ လုပ်ကိုင်စားသောက်ကြတယ်လို့ သိရပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-HP

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10