ကလေးနယ်မှာ တိုက်ပွဲပြင်းထန်နေလို့ ဒေသခံတွေတိမ်းရှောင်နေရ

ကလေးနယ်မှာ တိုက်ပွဲပြင်းထန်နေလို့ ဒေသခံတွေတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်သားတွေနဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲပြင်းထန်နေတဲ့အတွက် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကလေးမြို့ခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက် မနက် ၆ နာရီကျော်လောက်ကစပြီး ကလေးမြို့တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် ကလေးတောင်ပိုင်းက မြောင်းဆုံ၊ ရှားတော၊ လေးအိမ်စု၊ သုံးအိမ်စု၊ စည်းဆိုင် စတဲ့ကျေးရွာတွေနဲ့ ကလေးမြောက်ပိုင်းရှိ ကံကြီးရွာ၊ ကံသာယာ ကျေးရွာ အပါအဝင် ကျေးရွာတချို့က ဒေသခံရာချီ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။ 

“ရွာထဲကိုပြန်နေတာ ၁ လလောက်ပဲ ရှိသေးတယ်။ အခုတခါ ထပ်ရှောင်ရပြန်ပြီ။ တိုက်ပွဲဖြစ်တဲ့ရွာနဲ့ ကျနော်တို့ရွာက ၂ မိုင်လောက်ပဲရှိတာဆိုတော့ မရှောင်လို့လည်းမရဘူးလေ။ ရွာထဲမှာ လူငယ်ပိုင်းတွေ လောက်ပဲ ကျန်ခဲ့တယ်။ ကျန်တဲ့သက်ကြီးပိုင်းတွေကတော့ အကုန်ရှောင်ကုန်ပြီ”  လို့ ထွက်ပြေး တိမ်းရှောင်နေရတဲ့ မြောင်းဆုံဒေသခံတဦးက ပြောပါတယ်။

အခုလိုထိတွေ့တိုက်ပွဲဖြစ်နေတာတွေနဲ့ ပတ်သက်ပြီး ကလေးကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကို ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့  “အခုကတောင်ရော မြောက်ရော တိုက်ပွဲတွေဖြစ်နေတယ်။ ကျနော်လည်း ရှေ့တန်းထဲရောက်နေတယ်။ တိုက်ပွဲက မပြီးသေးဘူး။ နားလိုက်ရပ်လိုက်နဲ့ ပစ်နေတာ ” လို့ ပြောပါတယ်။ 

လက်ရှိ ကလေးမြို့မြောက်ပိုင်းမှာရှိတဲ့ ကံကြီးရွာနဲ့ ကံသာယာကျေးရွာအနီးမှာလည်း စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်နေပြီး တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှု အခြေအနေတွေကိုတော့ အတည်မပြုနိုင်သေးပါဘူး။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကလေး #တိုက်ပွဲ #ဒေသခံ #စစ်ဘေးရှောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10