ကလေးမြို့က စခန်းသိမ်းတိုက်ပွဲမှာ စစ်သား ၁၅ ဦးသေကာ တပ်ကြပ်တဦးအပါ ၂ဦးအရှင်ဖမ်းမိ

ကလေးမြို့က စခန်းသိမ်းတိုက်ပွဲမှာ စစ်သား ၁၅ ဦးသေကာ တပ်ကြပ်တဦးအပါ ၂ဦးအရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတခုကို ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့တွေက နိုဝင်ဘာလ ၂၃ ရက် ဒီနေ့မနက် ၁၁ နာရီလောက်မှာ သိမ်းနိုင်ခဲ့သလို တပ်ကြပ်တဦးနဲ့ တပ်သားတဦးကိုလည်း အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ကလေးကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။ 

ကလေးမြို့တောင်းပိုင်း၊ တံဖိုရွာတောင်ဘက်အစပ်မှာရှိတဲ့ ရန်ကြီးအောင်တပ်စခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့မနက် ၃ နာရီလောက်က စတင်ကာ တပ်စခန်းနဲ့ ကိုက် ၂၀ အကွာကနေ လက်နက်ကြီးတွေနဲ့ စတင်တိုက်ခိုက်ခဲ့ကြတာပါ။ 

အဲ့ဒီနောက် စစ်ကောင်စီတပ်သားတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်နေချိန် မနက် ၅ နာရီကျော်နဲ့ မနက် ၇ နာရီကျော်မှာ စစ်ကောင်စီဘက်က ရဟက်ယာဥ်နဲ့ တကြိမ်စီ လာရောက် ပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။ 

 “စခန်းကို ၁၀ နာရီလောက်က သိမ်းနိုင်ပေမယ့် ၁၁ နာရီလောက်မှာ အဝင်ရတာ။ စစ်သားတွေ ပြေးတဲ့သူက ပြေးတယ်။ လက်နက်တွေကတော့ အမျိုးမျိုးဘဲရတယ်။ ဘယ်နလက် ရလဲဆိုတာကိုတော့ ရေတွက်နေတုန်းပါဘဲ” လို့ ကလေး ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

အရှင်ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ခေါ်ဆောင်ထားပြီး အခုချိန်ထိလည်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက အဆိုပါ စစ်စခန်းကို ရှင်းလင်းရေးလုပ်နေတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် အပြန်အလှန်ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သား ၁၅ ဦးရဲ့ ရုပ်အလောင်းကိုလည်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မြေမြှုပ်သင်္ဂြိုဟ်ပေးဖို့ ပြုလုပ်နေပြီး အဲ့ဒီထဲက ၄ လောင်းက ပုတ်နေတဲ့အတွက် သူတို့ဟာ နိုဝင်ဘာ ၂၁ ရက်မှာ သေခဲ့သူတွေ ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်က စတင်ကာ ရန်ကြီးအောင်စခန်းကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီနေ့တိုက်ခိုက်မှုမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကလေး ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

အဲ့ဒီနောက် ၂၁ ရက်မှာ အနားယူပြီး ၂၃ ရက်ဒီနေ့မှာ ထပ်မံတိုက်ခိုက်ခဲ့ပြီး စခန်းကို သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီဘက်က လေယာဉ်နဲ့ လက်နက်ပစ္စည်းတွေကို သေတ္တာ ၁၃ လုံးနဲ့ လာရောက်ချပေးခဲ့ပြီး သေတ္တာ ၁၃ လုံးမှာ ၁၁ လုံးက ကာကွယ်ရေးတပ်ဖွဲ့တွေက ရရှိသွားတယ်လို့လည်း သူကဆိုပါတယ်။ 

“သူတို့ဘက် ကျည်မရှိတော့လို့ လေယာဉ်နဲ့လာချပေးတာကို သူတို့စခန်းနားမှာကျတဲ့ သေတ္တာ ၂ လုံးပဲ ရသွားတယ်။ ကျနော်တို့နားကျတာကိုတော့ သူတို့လာကောက်မရဲတော့ ကျနော်တို့ပဲ ရသွားတယ်။ အခု အဲဒီကရတဲ့ ပစ္စည်းတွေနဲ့ သူတို့ကိုသွားတိုက်တာ။” လို့ သူကဆက်ပြောပါတယ်။

နိုဝင်ဘာလ တတိယပတ်အတွင်း ကလေးမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ခိုက်မှုအခြေအနေတွေ တင်းမာနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိနေကာ ကလေးမြိုနယ် တောင်ဘက်ပိုင်း ကျေးရွာတွေက ဒေသခံ ၆ ထောင်ကျော်လည်း နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကလေး #တပ်စခန်း #စစ်ကောင်စီ #အရှင်ဖမ်းမိ #သေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10