ကလေးမြို့ထဲကို စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

ကလေးမြို့ထဲကို စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ခလရ ၈၉ တပ်ကုန်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်က ၆၀ မမ လက်နက်ကြီးကျည်ထိလို့ ဒေသခံအမျိုးသမီး ၁ ဦးသေဆုံးပြီး အမျိုးသား  ၂ ဦး ဒဏ်ရာ ရသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၂၉ ရက် ဒီနေ့ မနက် ၁၀ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်လို့ ကလေးမြို့၊ မြို့လှရပ်ကွက်က နေအိမ်တလုံးထဲ ကျရောက်သွားပြီး ထမင်းချက်နေတဲ့ ၂၇ နှစ်အရွယ် မခင်မာစိန် (ခ) မပဲလှော် ထိမှန်သေဆုံးသွားသလို အိမ်နားနီးချင်းဖြစ်တဲ့ ဦးမြဖေ ၅၈ နှစ်နဲ့  ဦးလူမင်း ၆၇ နှစ် တို့ကိုလည်း ခြေထောက်ထိမှန်သွားတယ်လို့ ဆိုပါတယ်။

“မနက်က လက်နက်ကြီးတွေက တလုံးတည်းပစ်တာမဟုတ်ဘူး ဆက်တိုက်ပစ်နေတာ။ မပဲလှော်က ဗိုက်ပွင့်ပြီးသေသွားတယ်။ ကျန်တဲ့ ၂ ယောက်ကတော့ ပေါင်ကိုပဲထိသွားတယ်။ မစိုးရိမ်ရဘူးလို့တော့ ကြားတယ်။” လို့ ကလေးမြို့ခံတဦးက ပြောပါတယ်။

လက်ရှိအချိန်ထိ ရပ်ကွက်ထဲကို ပြည်သူတွေ ဝင်ရောက်နေထိုင်ခြင်းမရှိသေးတဲ့အတွက် လက်နက်ကြီး ထိမှန်ပြီး သေဆုံးသွားတဲ့ မခင်မာစိန် (ခ) မပဲလှော် ရဲ့ရုပ်အလောင်းကို မြေမြှုပ်သဂြိုဟ်ပြီး မပြီးကိုတော့ မသိရသေးဘူးလို့လည်း ဆိုပါတယ်။

စက်တင်ဘာ ၂၇ ရက်ကလည်း စစ်ကောင်စီတပ်ဟာ အောင်သာယာကျေးရွာနားကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ရှားဖိုကျေးရွာထဲ ကျရောက်သွားပြီး အဲဒီရွာက မိသားစုဝင် ၄ ဦးပွဲချင်းပြီး သေဆုံးသွားသလို ရုပ်အလောင်းတွေကို မြင်ခဲ့ရတဲ့ မိသားစုဝင် ၁ ဦးကတော့ နှလုံးရပ်ပြီး သေဆုံးသွားခဲ့ပါတယ်။

အလားတူ စက်တင်ဘာ ၂၆ ရက်ကလည်း စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့ ကလေးတောင်ပိုင်း အောင်သာယာရွာနားမှာ ထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့လို့ CDF-KKG ရဲဘော် ၁ ဦး နဲ့ ပကဖ ရဲဘော် ၁ ဦးတို့ သေဆုံးခဲ့ပါသေးတယ်။

စစ်ကောင်စီကတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ ကလေးမြို့ပေါ်ရပ်ကွက်မှာနေထိုင်ကြသူတွေနဲ့ အင်တိုင်းကုန်း၊ ညောင်လှ၊ သုံးအိပ်စု၊ မြို့လှ အစရှိတဲ့ကျေးရွာက ဒေသခံ ၁၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရတာ ၄ ရက်လောက်ရှိပြီဖြစ်တယ်လို့သိရပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #လက်နက်ကြီးပစ်ခတ်မှု #၆၀မမ #ခလရ၈၉ #ကလေးမြို့ #စစ်ကိုင်းတိုင်း #ဒေသခံပြည်သူ #သေဆုံးမှု #စစ်ရှောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10