ကလေးမြို့နယ်က ရွာတရွာမှာ စစ်တပ်က ရဟတ်ယာဉ်နဲ့ပစ်လို့ ပြည်သူ၂ဦးထိမှန်

ကလေးမြို့နယ်က ရွာတရွာမှာ စစ်တပ်က ရဟတ်ယာဉ်နဲ့ပစ်လို့ ပြည်သူ၂ဦးထိမှန်

စစ်ကိုင်းတိုင်းအထက်ပိုင်း ကလေးမြို့ဝင်ဂိတ်ကနေလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ မိုင်းဆွဲခံရတဲ့အတွက် လေကြောင်းပစ်ကူခဲ့လို့ ပြည်သူ၂ဦး ထိမှန်သွားတယ်လို့ ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

သြဂုတ် ၁၅ ရက် ဒီနေ့ မနက် ၄ နာရီကျော်လောက်မှာ အင်အား ၁၀၀ နီးပါးရှိတဲ့ စစ်ကြောင်းဟာ ကလေးမြို့အဝင်ဂိတ်နဲ့  ၁မိုင်လောက်ဝေးတဲ့ သာစည်ကျေးရွာထဲကို ဝင်လာချိန်  မိုင်းနင်းမိခဲ့ကြတာကြောင့် လက်နက်ကြီးပစ်ကာ ရွာထဲဝင်လာခဲ့ကြတယ်လို့ ဆိုပါတယ်။

မနက် ၇ နာရီလောက်မှာတော့ ရဟတ်ယာဉ်တစီးယောက်လာပြီး သာစည်ရွာ ပတ်ပတ်လည်နဲ့ ရွာထဲကို ၁ နာရီနီးပါး ပစ်ခတ်သွားတဲ့အတွက် လယ်ထွန်နေတဲ့ အသက် ၅၀ကျော်အရွယ် အမျိုးသား ၂ ဦးနဲ့ နွား ၁ ကောင် ထိမှန်သွားသလို ကြက်ခြံ ၂ ခုလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

“မနက်က ဒဏ်ရာရသွားတဲ့ ဦးလေးတွေကိုလည်း တော်လှန်ရေးနယ်မြေဘက်က ဆေးခန်းမှာ ဆေးကုပေးနေပါပြီ။ လယ်ထွန်နေရင်းထိသွားတဲ့ ဦးလေးက စိုးရိမ်ရတယ်လို့တော့ ပြောတယ်။”လို့ Wings Of Kalay အဖွဲ့တာဝန်ခံတဦးက ပြောပါတယ်။

သာစည်ရွာဘက်ကို စစ်ကောင်စီတပ်ဖွဲ့တွေက လေကြောင်းပစ်ခတ်နေချိန်အတွင်း Wings Of Kalay  ဒရုန်းတပ်ဖွဲ့ဟာ ကလေးမြို့အဝင်ဂိတ်ကို Droneနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲလို့ ဆိုပါတယ်။

သာစည်ရွာဟာ ပြီးခဲ့တဲ့ ဇွန်လမှာ မီးရှို့ခံရဖူးတဲ့ကျေးရွာဖြစ်လို့ ရွာသားတွေလည်း ရွာထဲမနေတော့တာ ၂ လနီးပါးလောက်ရှိနေပြီး လက်ရှိစစ်ကြောင်းဟာ ရွာထဲမှာပဲ ရှိနေသေးတယ်လို့ ဆိုပါတယ်။

သြဂုတ် ၁၂ ရက်ကလည်း ထိတွေ့တိုက်ပွဲမှာ အထိနာသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ကလေးမြို့နယ် စက္ကန့်ရွာက နေအိမ်တွေကိုလည်း ဝင်ရောက်မီးရှို့ခဲ့ပါသေးတယ်။

စာတည်း- ဇို

#မြေလတ်အသံ

#သတင်း #ကလေးမြို့ #စစ်ကိုင်း #စစ်ကောင်စီ #ရဟတ်ယာဉ် #လေကြောင်းတိုက်ခိုက် #ပြည်သူ #ထိမှန်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10