ကလေးမြို့နယ်၊ စက္ကန့်ရွာကို စစ်တပ်မီးရှို့၊ အိမ်ခြေရာချီမီးလောင်ပြီး ဒေသခံ ၃ ထောင်ကျော် ထွက်ပြေးနေရ

ကလေးမြို့နယ်၊ စက္ကန့်ရွာကို စစ်တပ်မီးရှို့၊ အိမ်ခြေရာချီမီးလောင်ပြီး ဒေသခံ ၃ ထောင်ကျော် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက စက္ကန့်ကျေရွာကို စစ်ကောင်စီတပ်ဖွဲ့တွေက မီးရှို့လို့ အိမ်ခြေရာကျော် မီးလောင်ခံရပြီး ဒေသခံပြည်သူ ၃ ထောင်ကျော်တိမ်းရှောင်နေရတယ်လို့ စစ်ရှောင်တွေကို ကူညီနေသူတဦးဆီက သိရပါတယ်။

ကလေးမြို့ဘက်ကလာတဲ့ တပ်မ ၇၇ က စစ်သားတွေအပြင် ဆည်တောဦးရွာနဲ့ အောင်မြင်သာရွာက ပျူစောထီးတွေအပါ အင်အား ၂၀၀ လောက်နဲ့ အိမ်ခြေ ၉၀၀ လောက်ရှိတဲ့ စက္ကန့်ရွာကို အောက်တိုဘာ ၇ ရက်မနက်နေ အောက်တိုဘာလ ၉ ရက်အထိ ၃ ရက်ကြာ မီးရှို့တာလို့ ပြောပါတယ်။ 

အဲ့ဒီလိုမီးရိူ့ခဲ့လို့  စက္ကန့်ရွာအပါအဝင် အနီးနားကကျေးရွာတွေဖြစ်တဲ့ အင်တိုင်းကုန်း၊  ရှားတော၊ မြောင်းဆုံ၊ ဆင်တော၊ စီးစံရွာတွေက ဒေသခံတွေပါ ထွက်ပြေးတိမ်းရှောင်ရတာလို့ သိရပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့တွေဟာ စစ်ကြောင်းမထိုးခင် အောက်တိုဘာ ၆ ရက် ည ၁၀ နာရီလောက်ကတည်းကစပြီး အဲဒီရွာတွေဘက်မှာအသုံးပြုတဲ့ အော်ရီဒူး နဲ့ MPT လိုင်းတွေကို ဖြတ်တောက်ခဲ့တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီတပ် စက္ကန့်ရွာအနီးကပ်လာချိန်မှာ  ဒေသခံကာကွယ်ရေးတပ်က မိုင်းဆွဲကာ စနိုက်ပါနဲ့ပစ်လို့ စစ်အုပ်စုဘက်က ၆ ဦးသေကာ ၈ ဦးဒဏ်ရာရရှိသွားပြီး လက်နက်ကြီးနဲ့ပစ်ကာ ရွာထဲဝင်ရောက် မီးရှို့တယ်လို့ ဆိုပါတယ်။

"၃ ရက်ဆက်တိုက် ညပါမနား ရှို့တာ။ မီးလောင်အိမ်က ရာချီကျော်သွားပါပြီ။ ရွာထဲဝင်မရလို့ အိမ်အတိအကျတော့ ဘယ်သူမှ မပြောနိုင်သေးပါဘူး” လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ စစ်ရှောင်တွေကို ကူညီနေသူတဦးက ပြောပါတယ်။

စစ်ရှောင်တွေဟာ ကလေးမြို့ပေါ်ကို သွားကြသူတွေရှိသလို အများစုဟာ နီးစပ်ရာ ကျေးရွာတွေမှာ တိမ်းရှောင်နေကြပြီး လူဦးရေများတာကြောင့် စားသောက်ကုန်တွေလိုအပ်နေသလို အအေးမိတာ၊ ထိခိုက်ဒဏ်ရာရတာနဲ့ အသက်ကြီးရွယ်အိုတွေလည်းရှိတာကြောင့် ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။ 

အောက်တိုဘာ ၁၁ ရက် မနေ့ မွန်းလွဲ  ၂ နာရီလောက်မှာတော့ ပျူစောထီးတွေကို စစ်ကား ၃ စီးနဲ့ ၎င်းတို့ကျေးရွာတွေကို ပြန်ခေါ်သွားပြီး လက်ရှိမှာ စစ်ကောင်စီတပ်ဟာ စက္ကန့်ရွာထဲမှာ  တပ်စွဲထားဆဲဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ - စက္ကန့်ရွာကို စစ်အုပ်စုမီးရှို့ဖျက်ဆီးစဥ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကလေးမြို့နယ် #စစ်အုပ်စု #မီးရိူ့လို့ #မီးလောင် #မီးရှို့ # စက္ကန့်ကျေးရွာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10