ကလေးမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးနေလို့ ဒေသခံတွေ စပါးစိုက်ပျိုးရန်ခက်ခဲနေ

ကလေးမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးနေလို့ ဒေသခံတွေ စပါးစိုက်ပျိုးရန်ခက်ခဲနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းဆက်တိုက်ထိုးနေတဲ့အတွက် ဒေသခံတွေနဲ့ စစ်ရှောင်ပြည်သူတွေ စပါးစိုက်ပျိုးရန်ခက်ခဲနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စပါးစိုက်ပျိုးချိန်ရောက်တော့မှာဖြစ်တဲ့အတွက် ကလေးတောင်ပိုင်းက စစ်ရှောင်ပြည်သူတချို့ဟာ ရွာထဲပြန်ပြီး လယ်မြေတွေကို ထွန်ယက်ထားပေမယ့်လည်း စစ်ကောင်စီစစ်ကြောင်းက ဆက်တိုက်ထိုးနေတာကြောင့် လုပ်ငန်းတွေကို ရပ်ဆိုင်းထားရတယ်လို့ ဆိုပါတယ်။ 

“ကျနော်တို့ ပြီးခဲ့တဲ့ ၁ ရက် ၂ ရက်လောက်ကတော့ လယ်တွေပြန်ထွန်ထားတယ်။ စိုက် မစိုက်ဖို့ကတော့ စစ်ကြောင်းပေါ်မူတည်တယ်။ ကျနော်တို့တောင်ပိုင်းက လယ်ထွန်လို့ ရသေးတယ်။ မြောက်ပိုင်းက လူတွေဆို လယ်တောင်ထွန် မရဘူး။ သူတို့အရင်လက စိုက်ထားတဲ့ နေကြာတွေ ၊ မြေပဲတွေတောင် မနုတ်ရဘူး” လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ မြောင်းဆုံဒေသခံတဦးက ပြောပါတယ်။

ကလေးမြောက်ပိုင်းက စက္ကန့်ရွာနဲ့ အင်ဒိုင်းကုန်းကျေးရွာမှာ စစ်ကောင်စီတပ်သားတွေ အထိုင်ချနေတဲ့အပြင် လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်နေတဲ့အတွက် ပြည်သူတွေဟာ သူတို့စိုက်ပျိုးထားတဲ့ ဂျုံခင်းနဲ့ အခြားကောက်ပဲသီးနှံတွေကို သွားရောက်ရိတ်သိမ်းဖို့ စစ်ကောင်စီတပ်သားတွေဆီ သွားရောက်ပြောဆိုခဲ့ကြရတယ်လို့လည်း အထက်ပါ စစ်ရှောင်ပြည်သူက ဆက်ပြောပါတယ်။

“တချို့ကလည်း ရွာထဲကိုသွားပြီး စစ်သားတွေကို သွားပြောရတယ်။ သူတို့သီးနှံလေးတွေ ပြန်ရိတ်ချင်လို့ လက်နက်ကြီးနဲ့ ပစ်တာတွေ ရပ်ပေးဖို့သွားပြောတယ်။ အဲ့အခါကျရင်တော့ သူတို့ (စစ်ကောင်စီ) ရပ်ပေးတယ်။ တခါတလေလည်း လက်နက်ကြီးနဲ့က ထုနေတာပဲ” လို့ သူက ဆက်ပြောပါတယ်။

ကလေးတောင်ပိုင်းမှာ လယ်ဧက ၁,၀၀၀ ဝန်းကျင်လောက်ရှိပေမယ့် အခုအခါမှာတော့ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် လယ်ယာလုပ်ငန်းကို ပြန်လည်လာရောက်လုပ်ကိုင်တဲ့ သူနည်းပါးတယ်လို့ သိရပါတယ်။

အခုလက်ရှိအချိန်ထိလည်း ကလေးတောင်ပိုင်းက စစ်ရှောင်ပြည်သူတချို့တာ ကျေးရွာထဲပြန်လည် နေထိုင်နေပေမယ့် အများစုကတော့ တောတွေထဲမှာသာ နေထိုင်ဆဲဖြစ်တယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်ကစပြီး ကလေးတောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ ထိတွေ့တိုက်ပွဲတွေ ပြန်းထန်နေတဲ့အတွက် ကလေးတောင်ပိုင်းက မြောင်းဆုံ၊ ရှားတော ၊ လေးအိမ်စု ၊  သုံးအိမ်စု ၊ စည်းဆိုင် စတဲ့ကျေးရွာတွေ နဲ့ ကလေးမြောက်ပိုင်းရှိ ကံကြီးရွာ ၊ ကံသာယာရွာ အပါအဝင်ကျေးရွာတချို့က ဒေသခံရာချီထွက်ပြေးတိမ်း ရှောင်နေကြရပါတယ်။

ပုံစာ - ကလေးမြို့နယ်က ထွန်းယက်ထားပြီး မစိုက်ပျိုးနိုင်သေးသည့် လယ်ကွင်းများ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကလေးမြို့နယ် #စစ်ကောင်စီ #စစ်ကြောင်း #စပါး #စိုက်ပျိုးရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10