ကလေးမြို့မှာ တရုတ်အလံကို မီးရှို့ပြီး တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ကြောင်းဖော်ထုတ်

ကလေးမြို့မှာ တရုတ်အလံကို မီးရှို့ပြီး တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ကြောင်းဖော်ထုတ်

စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊  ကလေးမြို့ပေါ် တနေရာမှာ တော်လှန်ပြည်သူများမှ တရုတ်နိုင်ငံအလံကို မီးရှို့ပြီး တရုတ်အစိုးရဆန့်ကျင်ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေပြုလုပ်ခဲ့တယ်လို့  သိရပါတယ်။

ဒီဇင်ဘာ ၉ ရက် ဒီကနေ့မနက်အစောပိုင်းမှာ တော်လှန်ပြည်သူတစုက မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတဲ့တရုတ်အစိုးရကို ဆန့်ကျင်ကြောင်း ဘန်နာတွေကိုင်စွဲကာ ဖော်ထုတ်ခဲ့ကြတဲ့အပြင် တရုတ်အလံတော်ကိုလည်း မီးရှို့ကာ ဆန္ဒဖော်ထုတ်ခဲ့ကြတာလို့ ဆိုပါတယ်။

"လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ တရုတ်အစိုးရက မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် ခြယ်လှယ်နေတယ်။ အခု MNDAA တို့ TNLA တို့ အပစ်ရပ်တယ်ဆိုတာကလည်း တရုတ်ကြောင့်ပါ။ KIA ဆိုလည်း ဖိအားပေးနေတယ်။ မြန်မာ့တော်လှန်ရေးက မြန်မာပြည်သူတွေနဲ့ပဲ ဆိုင်တယ်။ ဒါကြောင့် တရုတ်အစိုးရကို ကန့်ကွက်တာ။"လို့ လှုပ်ရှားမှုတွေမှာဦးဆောင်သူက မြေလတ်အသံကို ပြောပါတယ်။

ကုလသမ္မဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံမှာပါဝင်တဲ့ တရုတ်အနေနဲ့ နဝတ၊ နအဖ လက်ထက်ကတည်းက မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကမ္ဘာကအရေးယူဆုံးဖြတ်ချက်ချတဲ့ကိစ္စတွေမှာ ဗီတိုအာဏာနဲ့ပယ်ချခဲ့တာတွေအပါအဝင် မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်တာတွေရှိခဲ့တယ်လို့ အထက်ပါဦးဆောင်သူက ဆက်ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့အနက် တအာဝ်းအမျိုးသားလွတ်မြောက်ရေးတပ် -TNLAနဲ့ မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်-MNDAA တို့က  နိုဝင်ဘာ ၂၅ နဲ့ ဒီဇင်ဘာ ၃ ရက်တွေမှာ စစ်ရေးလှုပ်ရှားမှုတွေ ရပ်တန့်ကာ ပြည်တွင်းစစ်ရေးပဋိပက္ခကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရန်လိုလားကြောင်း အသီးသီးသဘောထားထုတ်ပြန်ခဲ့ကြပြီး အဲ့ဒီသဘောထားထုတ်ပြန်မှုတွေဟာ တရုတ်ရဲ့ကြားဝင်ဖိအားပေးမှုတွေကြောင့်လို့ တရုတ်အရေး ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

ရှမ်းမြောက်ဒေသနဲ့ ရခိုင်ပြည်နယ်မှာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၇ ရက်ကစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ နောက်ဆက်တွဲ ရှမ်း-မန်းစစ်ဆင်ရေးတွေကို နိုင်ငံတဝှမ်း ပြည်သူတွေက ထောက်ခံအားပေးခဲ့ကြပြီး အဆိုပါထိုးစစ်ဆင်တိုက်ခိုက်မှုတွေအတွင်း ရှမ်းမြောက်၊ မန္တလေး၊ ရခိုင်ပြည်နယ်ထဲက မြို့နယ်အများအပြားကို စစ်ကောင်စီတပ်က လက်လွှတ်ခဲ့ရကာ လားရှိုးမြို့ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်ကိုလည်း တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ဒုတိယအပတ်ကစတင်ကာ ကလေးမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့က လုံခြုံရေးတင်းကျပ်ထားသလို မော်တော်ယာဥ်တွေနဲ့ ညလုံးပေါက် ကင်းလှည့်တာတွေလည်းရှိနေတယ်လို့ သိရပါတယ်။ 

စာတည်း- ဟိန်းစံ

#မြေလတ်အသံ

#ကလေး #တရုတ်အစိုးရ #ပြည်တွင်းရေး #စွက်ဖက် #ဆန့်ကျင်ကန့်ကွက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10