ကလေးမြို့အမြောက်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံ ၆,၀၀၀ နီးပါး တောထဲမှာ တိမ်းရှောင်နေရ

ကလေးမြို့အမြောက်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံ ၆,၀၀၀ နီးပါး တောထဲမှာ တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းမှာရှိတဲ့ ဒေသခံ ၆,၀၀၀ နီးပါးဟာ တောထဲမှာ ထွက်ပြေးတိမ်း ရှောင်နေတာ ၁ လကျော်လောက်ရှိပြီဖြစ်တယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

ကလေးမှာ ဒကစမှူးပြောင်းလဲပြီးနောက် ကလေးမြို့အမှတ် ၃၆၅ အမြောက်တပ်ကနေ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာမျိုးတွေ အဆက်မပြတ်လုပ်ဆောင်ခဲ့တဲ့အတွက် ကလေးတောင်ဘက်မှာရှိတဲ့ ရှားတောရွာ၊ ဆင်တောရွာ၊ မြောင်းဆုံရွာ၊ စီးစံရွာ၊ မြောင်းလှရွာနဲ့ ကျွန်းတောရွာက ဒေသခံတွေဟာ နေအိမ်တွေကို စွန့်ခွာပြီး တောထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

“ကျနော်တို့အရင်ကတော့ ရှောင်ဖူးတယ်။ အခုလိုတော့ အကြာကြီးမရှောင်ဖူးသေးဘူး။ အခု စစ်ရှောင်တာ အကြာဆုံးပဲလို့ ပြောလို့ရတယ်” လို့ ရှားတောရွာက စစ်ရှောင်တဦးက ပြောပါတယ်။

လက်နက်ကြီးတွေ ပစ်ခတ်ပေမယ့်လည်း အခုအချိန်ဟာ စပါးပြန်လည်ရိတ်သိမ်းချိန်ဖြစ်တဲ့အတွက် စစ်ရှောင်နေရတဲ့ ဒေသခံတွေဟာ နေ့ခင်းဘက်မှာ ရွာထဲကိုဝင်ပြီး စပါးတွေ ပြန်လည်ရိတ်သိမ်းကြကာ ညဘက်မှာတော့ တောတွေထဲမှာသာ ပြန်လည်နေထိုင်ကြတယ်လို့လည်း ဆိုပါတယ်။

ဒေသခံတွေဟာ တောထဲမှာ နေထိုင်နေရတဲ့အတွက် စားသောက်ဖို့ကို မိမိတို့ စိုက်ပျိုးထားတဲ့ သီးနှံတွေကိုသာ ချက်ပြုတ်စားသောက်နေရသလို ဆေးဝါးကုသဖို့ကိုလည်း သူနာပြုဆရာမတွေက တောထဲထိလာပြီး ကုသပေးတယ်လို့ ဆိုပါတယ်။

“အခုကတော့ လယ်ယာလုပ်ချိန်ဆိုတော့ နေ့ခင်းဘက်ဆို ရွာထဲဝင်တယ်။ တချို့အိပ်ရဲတဲ့သူတွေတော့ ပြန်အိပ်ကြတယ်။ ကျနော်တို့ကတော့ ပြန်အိပ်မရဲသေးဘူး။ ပြန်အိပ်တဲ့သူတွေကလည်း လက်နက်ကြီးထုတာနဲ့ ထပြီး ထွက်ပြေးနေရတာ” လို့ သူက ဆက်ပြောပါတယ်။

အခုရက်ပိုင်းမှာ ကလေးမြို့တောင်ပိုင်းဘက်ကို စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်မှုတွေ ရပ်နားထားပြီး ကလေးမြို့မြောက်ဘက်ကို ပစ်ခတ်မှုတွေ ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။ 

အဆိုပါ လက်နက်ကြီးပစ်ခတ်တာတွေနဲ့ ပတ်သက်ပြီး စစ်ရှောင်နေရတဲ့ ဒေသခံတွေက တော်လှန်ရေးအမြန်ဆုံး ပြီးစီးစေချင်ကြောင်းနဲ့ ကိုယ့်မြို့ကိုယ့်ရွာကို အေးအေးချမ်းချမ်းနဲ့ အမြန်ဆုံး ပြန်လည်နေထိုင်စေချင်ကြောင်းကိုလည်း ပြောဆိုခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကလေးမြို့ #စစ်ရှောင် #လက်နက်ကြီး #အမြောက်တပ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10