ကလေးမှာ စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးနေပြီး ကျပ်သိန်း ၁၀၀ နဲ့ပြန်ရွေးခိုင်း

ကလေးမှာ စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးနေပြီး ကျပ်သိန်း ၁၀၀ နဲ့ပြန်ရွေးခိုင်း

 

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့ပေါ်ရပ်ကွက်တွေမှာ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေက စစ်မှုထမ်းဥပဒေအကြောင်းပြဖမ်းဆီးနေပြီး ဖမ်းမိသူတွေကို ကျပ်သိန်း ၁၀၀ ပေးမှ ပြန်လွှတ်ပေးနေတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

ဒီဇင်ဘာ ၆ ရက်ကနေ ၁၀ ရက်အထိ ကလေးမြို့ပေါ်မှာ ဖမ်းဆီးခံရသူ ၃၀ ကျော်ရှိခဲ့ကာ အဲ့ဒီထဲက ငွေပေးနိုင်သူတွေကိုပြန်လွှတ်ပြီး မပေးနိုင်သူတွေကို စစ်မှုထမ်းဖို့ထည့်နေတယ်လို့ ဆိုပါတယ်။

"ဖမ်းသွားတဲ့သူကို သိန်း ၁၀၀ ပေးနိုင်ရင် လွှတ်ပေးတယ်။ မရွေးနိုင်တာတို့ ရွေးချိန်နောက်ကျတာတို့ဆိုရင် စစ်မှုထမ်းတဲ့အထဲ ထည့်တယ်။ အသက် ၁၈ နှစ်မပြည့်ရင်တော့ ပြန်လွှတ်တယ်။" လို့ ကလေးမြို့ဒေသခံတဦးက ပြောပါတယ်။

ဒီဇင်ဘာ ၆ ရက်မနက် ၇ နာရီခွဲမှာ ပင်လုံလမ်းရှိ သူနာပြုကျောင်းရှေ့ကို စစ်သားနဲ့ရဲတွေ ရောက်ရှိလာပြီး လမ်းသွားလာနေတဲ့ပြည်သူတွေကို စစ်ဆေးမေးမြန်းကာ မနက် ၉ နာရီမှာတော့ လက်ဘက်ရည်ဆိုင်၊ အရက်ဆိုင်နဲ့ နေအိမ်တွေထဲအထိ လှည့်လည်ဖမ်းဆီးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

"ဘေးတွဲဆိုင်ကယ်နဲ့သွားနေတဲ့ ပင်လုံထဲက ကလေး ၃ ယောက်ကို ဖမ်းဆီးသွားတယ်။ လက်ဘက်ရည် ထိုင်နေတဲ့ လူငယ် ၆ ယောက်ကိုဝင်ဖမ်းသွားတယ်။" လို့ ပြောပါတယ်။ 

ဒါ့အပြင် ဒီဇင်ဘာ ၈ ရက်ကလည်း မင်္ဂလာဥယျာဉ်ရပ်ကွက်မှာ နေအိမ်ထဲအထိဝင်ရောက်ကာ မိသားစုဝင်အမျိုးသား ၄ ဦးကိုဖမ်းဆီးခဲ့ပြီး ချမ်းမြေ့အောင်စည်ရပ်ကွက်ရှိ အရက်ဆိုင် ၁ ဆိုင်ကနေလည်း အမျိုးသား ၈ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ 

ခုလိုဖမ်းဆီးရာမှာ စစ်သားနဲ့ရဲတွေတင်မကဘဲ ညောင်ပင်သာရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ပျူစောထီး ခေါင်းဆောင်နဂါးနဲ့ အပုလေးတို့ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ကလည်း Mark 2 ကား ၁ စီးနဲ့ လှည့်လည် ဖမ်းဆီးနေတယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။  

ဖမ်းမိသူတွေကို မြို့ နယ်စုပေါင်းရုံးကို အရင်ခေါ်ဆောင်သွားပြီးမှ ကလေးမြို့မြောက်ပိုင်းက အမှတ် ၁၀ တန်းမြင့်လေ့ကျင့်ရေးကျောင်းကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ပုံစာ - စစ်မှုထမ်းအပတ်စဉ် ၂ အတွက် စုဆောင်းခံရသူတချို့။ (စစ်ကောင်စီတယ်လီဂရမ်)

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကလေး #စစ်မှုထမ်း #ဖမ်းဆီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10