သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ ပန်းချီစုရွာမှာ အထိုင်ချထားတဲ့ စစ်အုပ်စုက ကျေးရွာတွေဘက်ကို ဒရုန်းနဲ့ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
ဒီဇင်ဘာ ၁ ရက် မနက်ပိုင်းမှာ ပန်းချီစုရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ အဲဒီရွာနဲ့ ၂ မိုင်ကျော်လောက်ဝေးတဲ့ မထုကြီးရွာနဲ့ မထုလေးရွာဘက်ကို ဒရုန်းနဲ့ဗုံးသီးကြဲချခဲ့တာကြောင့် ဦးဘိုဝင်း ၇၀ နှစ်၊ ကိုစိုးအောင် ၁၉ နှစ်၊ ကိုထွန်းလင်းအောင် ၁၉ နှစ်တို့သေဆုံးပြီး ကိုမင်းမင်း ၂၅ နှစ်၊ မစနိုးဦး ၁၁ နှစ်၊ ဒေါ်ရွှေ ၆၀ နှစ်တို့က ထိမှန်ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။
“အဲ့ဘက်မှာက တိုက်ပွဲဖြစ်တာလည်းမရှိတော့ ၁ ယောက်ကလယ်ကွင်းထဲမှာလယ်ထွန်နေတဲ့ဟာကို အဲ့ဒါကိုချသွားတာ၊ ကျန်တာတွေကတော့ ရွာထဲမှာဖြစ်တာ သူတို့(စစ်ကောင်စီ)က တပ်ဖွဲ့ဝင်တွေကို မပစ်နိုင်ရင်ပြည်သူတွေကို လိုက်ပစ်တာမျိုးရှိတယ်။ အဓိကကတော့ပြည်သူတွေကို အကြောင်းမဲ့ ဒရုန်းနဲ့ကြဲတာ ပစ်မှတ်ထားတိုက်ခိုက်တာပေါ့ ” လို့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ကပြောပါတယ်။
သေဆုံးသူတွေကိုတော့ ဒီဇင်ဘာ ၂ ရက်မှာ သင်္ဂြိုဟ်ပေးလိုက်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မထုလေးရွာက ဘုန်းကြီးကျောင်း ၁ ကျောင်း၊ နေအိမ်တချို့နဲ့ မထုကြီးရွာက နေအိမ် ၂ လုံးထက်မနည်း ထိမှန်ပျက်ဆီးသွားတယ်လို့ အထက်ပါတာ၀န်ခံက ပြောပါတယ်။
မထုကြီးရွာနဲ့ မထုလေးရွာဟာ ချင်းတွင်းမြစ်ရဲ့ မျက်နှာချင်းဆိုင်ကမ်းနှစ်ဖက်မှာ တည်ရှိပြီး စစ်ကောင်စီတပ်သားတွေ ဝင်လေ့ဝင်ထမရှိတဲ့ကျေးရွာတွေဖြစ်ကာ အခုလိုကျေးရွာတွေဘက်ကို ဒရုန်းနဲ့ဗုံးကြဲတာဟာလည်း ပထမအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ ကလေးမြို့ပေါ်ကနေ အင်အား ၁၀၀ ဝန်းကျင်နဲ့ မစိန်ရွာဘက်ကို စစ်ကူလာတဲ့စစ်ကြောင်းဖြစ်ပြီး နိုဝင်ဘာ ၃၀ ရက်မှာ စစ်ကြောင်းထိုးလာချိန် ပန်းချီစုရွာနားအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့သေးတယ်လို့ အထက်ပါတာဝန်ခံက ဆက်ပြောပါတယ်။
“မစိန်ရွာမှာတော့ လောလောဆယ်တိုက်ပွဲဖြစ်တာမျိုးတော့မရှိဘူး။ အစ်ကိုတို့ပိတ်ဆို့ထားတာမျိုး၊ သူတို့ကအဲဒီရွာကိုစစ်ကူလာတာ။ ကျည်တို့၊ လက်နက်အင်အားတို့၊ ရိက္ခာတို့အဲဒါပို့မယ် တပ်ကူပေါ့။ ကျနော်တို့ကပိတ်ဆို့တိုက်ခိုက်ထားတာဆိုတော့ သူတို့မတက်နိုင်သေးဘူး။ မတက်နိုင်တဲ့အတောအတွင်းမှာ သူတို့က ပါလာတဲ့ဒရုန်းအဖွဲ့နဲ့ မသင်္ကာတဲ့ရွာတွေကို လိုက်ချနေတာ” လို့ သူကဆက်ပြောပါတယ်။
လက်ရှိမှာတော့ မထုလေးရွာနဲ့ မထုကြီးရွာက ဒေသခံတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေကကျေးရွာထဲကနေ ရှောင်တိမ်းခိုင်းထားရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ၊ စက်တင်ဘာ ၁၈ ရက်ကလည်း မစိန်ရွာနယ်မြေရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးပြီး လက်နက်မျိုးစုံ နဲ့ ဖုန်း၊ ပါဝါဘန့်၊ လပ်တော့ ၁လုံး၊ ပိုက်ဆံတချို့၊ ရွှေဆွဲကြိုး ၁ ကုံး တို့ကို သိမ်းဆည်းရရှိခဲ့ပါသေးတယ်။
စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ၊ ဒီဇင်ဘာ ၂ ရက် အထိ စစ်ကောင်စီနဲ့ ၎င်းတို့ရဲ့လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူစုစုပေါင်း ၆,၀၀၀ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - AAPP က ထုတ်ပြန်ထားပါတယ်။
ပုံစာ - မထုကြီးရွာက သေဆုံးသွားတဲ့ ဦးဘို၀င်း။
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #ကလေး၀ #စစ်ကောင်စီ #ဒရုန်းဗုံးသီးချ #ဒေသခံ #သေဆုံး
Share Share Share