ကဝနယ်ရှိ NLD ပါတီဝင်တဦးနေအိမ်ကို စစ်ကောင်စီချိပ်ပိတ်

ကဝနယ်ရှိ NLD ပါတီဝင်တဦးနေအိမ်ကို စစ်ကောင်စီချိပ်ပိတ်

ပဲခူးတိုင်း၊ ကဝမြို့နယ်၊ သက္ကလမြို့ရှိ NLD ပါတီဝင် ကိုကျော်မျိုးလွင်ရဲ့နေအိမ်ကို ဇူလိုင် ၁ ရက်မနက်ပိုင်းမှာ စစ်ကောင်စီအဖွဲ့ဝင်တွေက ချိပ်ပိတ်ခဲ့တယ်လို့ ကိုကျော်မျိုးလွင်က ပြောပါတယ်။ 

သူ့ရဲ့နေအိမ်ကို ဇူလိုင် ၁ ရက် မနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီလက်အောက်ခံ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ သက္ကလမြို့ ရဲစခန်းမှူး၊ မြေစာရင်းဦးစီးမှူးအပြင် စစ်သားနဲ့ ရဲ ၂၀ ဦးလောက်က လာရောက်ချိပ်ပိတ်သွားတာဖြစ်ပြီး ဘယ်ပုဒ်မတွေနဲ့ တရားစွဲထားတယ်ဆိုတာကိုတော့ မသိရဘူးလို့ ဆိုပါတယ်။

NLD ပါတီဝင်တဦးဖြစ်တဲ့ ကိုကျော်မျိုးလွင်ဟာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ရာမှာ မြို့နယ်အတွင်းဦးဆောင် လူပ်ရှားသူလည်းဖြစ်ပြီး ၂၀၂၁ လောက်ကတည်းက နေအိမ်ကနေ တိမ်းရှောင်ရတာလည်း ဖြစ်ပါတယ်။ 

ကိုကျော်မျိုးလွင်ကတော့ ခုလိုအိမ်ကိုချိပ်ပိတ်လိုက်တာက သူ့အနေနဲ့အတွက် တော်လှန်ရေးပြီးဆုံးတဲ့အထိ တိုက်ဖို့ တွန်းအားဖြစ်လာတယ်လို့ ဆိုပါတယ်။ 

“ခုလို ချိပ်ပိတ်လိုက်တဲ့အတွက် တော်လှန်ရေးကို ပြီးဆုံးအောင်တိုက်ဖို့ တကယ့်ကိုလိုအပ်နေပါလားဆိုတဲ့ တွန်းအား တရပ်လည်း ပိုပြီးရောက်လာပါတယ်။ ချိပ်ပိတ်တဲ့ကိစ္စဟာ တော်လှန်ရေးကို ရပ်သွားမယ့်ကိစ္စမဟုတ်ဘူး”လို့  ကိုကျော်မျိုးလွင်က ပြောပါတယ်။

နယ်မြေခံသတင်းရင်းမြစ်ဖြစ်တဲ့ Kawa Informational ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးကလည်း ကိုကျော်မျိုးလွင်ရဲ့နေအိမ်မှာ လွန်ခဲ့တဲ့ ၃ နှစ်ခန့်ကတည်းက လူနေထိုင်တာမရှိဘဲ ယခင်ကလည်း စစ်သားနဲ့ရဲတွေက ဝင်ရှောက်ရှာဖွေတာတွေရှိခဲ့ပြီး အခုအကြိမ်မှ ဗီနိုင်းကပ်ကာချိပ်ပိတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

ခုလိုနေအိမ်ချိပ်ပိတ်တာတွေနဲ့ပတ်သက်ပြီး အုတ်ဖိုမြို့နယ်က တရားလွှတ်တော်ရှေ့နေတဦးကတော့ စစ်တပ်ဟာ သူတို့ကိုဆန့်ကျင်တဲ့ဘယ်သူမဆို ပိုင်ဆိုင်တဲ့ပစ္စည်းတွေ သိမ်းဆည်းခံရမယ်ဆိုတာကို ပြချင်နေတာကြောင့် ဥပဒေကို အကြောင်းပြပြီး ခုတုံးလုပ်နေတာလို့ ပြောပါတယ်။ 

“စစ်ကောင်စီက နေအိမ်အဆောက်အဦတွေ ချိပ်ပိတ်ရာမှာ ဥပဒေဆိုတာကိုအသုံးချ ခုတုံးလုပ်ပြီး လူကြားကောင်းအောင်လုပ်တာပါ။ အာဏာသိမ်းထဲက စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ ဥပဒေနဲ့ မညီတာခုချိန်ထိပါပဲ။” လို့ ဆိုပါတယ်။ 

ဒါ့အပြင် လက်ရှိအချိန်ဟာ တရားစီရင်ရေးတွေမှာဆောင်ရွက်နေတဲ့ တရားသူကြီးတွေနဲ့ အောက်ခြေမြို့နယ်အဆင့်မှာလည်း မြို့နယ်တရားသူကြီးတွေဟာ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးဆိုသူတွေကို ကြောက်နေကြရသလို လွတ်လပ်စွာတရားစီရင်ခွင့်မရဘဲ ဥပဒေထက် အမိန့်၊ ညွှန်ကြားချက်တွေကသာ လွှမ်းမိုးကြီးစိုးနေတဲ့အချိန် ဖြစ်တယ်လို့လည်း အထက်ပါတရာလွှတ်တော်ရှေ့နေက ပြောပါတယ်။ 

ပြည်မြို့က နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမင်းညိုကလည်း ၎င်းတို့ ဖြတ်သန်းလာခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သမိုင်းတလျောက်မှာ နေအိမ်ချိပ်ပိတ်တာမျိုးမရှိသလို ဆက်စပ်သူတွေကို ဖမ်းတာ၊ သားကိုမတွေ့လို့ ဖခင်ကိုဖမ်းတာ၊ ညီအကိုတွေကို ဖမ်းတာမျိုးနဲ့ ပတ်ဝန်းကျင်ကို ရမ်းကားတာမျိုးတွေလည်း မရှိဘူးလို့ ပြောပါတယ်။

၂၀၂၁ အာဏာသိမ်းအပြီးနောက်ပိုင်းကစလို့ ၂၀၂၄ ဇူလိုင်လဆန်းပိုင်းအထိ စစ်ကောင်စီဟာ ပဲခူးတိုင်းအတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD ပါတီဝင် ၂၈၅ ဦးနဲ့ အရပ်သား ၁၀၁ ဦးရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်ခဲ့တယ်လို့ ပဲခူးတိုင်းအရှေ့ခြမ်း NLD တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တဦးဆီက သိရပါတယ်။

ပုံစာ - စစ်ကောင်စီက ချိပ်ပိတ်သွားသည့် ကိုကျော်မျိုးလွင်၏ နေအိမ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ကဝ #NLD #နေအိမ် #ချိပ်ပိတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10