သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မြစ်သာရွာနဲ့ စုလေးကုန်းရွာဝန်းကျင်ကို နိုဝင်ဘာ ၁၃ ရက်မှာ စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ဘေးရှောင်တွေ ထိခိုက်ဒဏ်ရာရပြီး ဘာသာရေးအဆောက်အအုံတွေလည်းပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နေ့လယ် ၂ နာရီခွဲလောက်မှာ တံတားဦး လေတပ်ဘက်ကလာတဲ့ ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြစ်သာရွာထဲက စာသင်ကျောင်းဆောင် ၄ ဆောင်၊ ဘုရားဓမ္မာရုံ၊ လူနေအိမ် ၃ လုံးအပါ အဆောက်အဦးတချို့နဲ့ ကားတွေ ထိမှန်ခဲ့ပါတယ်။
ဒါ့အပြင် ကျေးရွာစာသင်ကျောင်းအတွင်းရှိနေတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထဲက ၂၀ ဦးနဲ့ စစ်ရှောင်ပြည်သူ ၁၀ ဦးလောက်လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြင်သာရွာဒေသခံတဦးက ပြောပါတယ်။
“ပထမဦးဆုံးအကြိမ် ကြဲတဲ့အသံကြားတော့ ကျနော်တို့မှာ နည်းနည်းလေယာဉ်ပျံဝိုက်တဲ့ အချိန်လေးကို ပြေးကပ်ရတာပေါ့ဗျာ၊ နောက်တကြိမ်ကြဲတော့ ကျနော်တို့ကပ်တဲ့ အခန်းတွေနားထဲကတခန်းကို ပေါင်ဗုံးကျသွားတော့ အဲဒီအခန်းတခန်းထဲက လူ ၇ ယောက် ၈ ယောက်လောက်ထိသွားတယ်။ ဒဏ်ရာပြင်းထန်တယ်၊ သေဆုံးတာတွေတော့မရှိဘူး၊ စိုးရိမ်ရတဲ့သူတွေ တချို့တော့ရှိတယ် ” လို့ သူက ပြောပါတယ်။
အဆိုပါစာသင်ကျောင်းမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၀၀ ဝန်းကျင်နဲ့ ရေလည်ကျွန်း၊ တောင်သာ၊ မြင်းခြံမြို့နယ်ဘက်က စစ်ရှောင် ၃၀ ကျော်လည်း လာရောက်နေထိုင်နေကြတာလို့ ဆိုပါတယ်။
မြစ်သာကျေးရွာအတွင်း မိနစ် ၂၀ လောက်ပစ်ခတ်ပြီးနောက် နာရီဝက်ခန့်အကြာမှာလည်း နောက်ထပ် ဂျက်ဖိုက်တာ ၁ စီးထပ်ရောက်လာပြီး မြစ်သာရွာအပါအဝင် စုလေးကုန်းကျေးရွာဘက်ကိုပါ ဗုံးကြဲပစ်ခတ်ခဲ့တာကြောင့် စုလေးကုန်းရွာက ဒေသခံ ၁ ဦးထိခိုက်ပြီး နေအိမ်တွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
“ဒုတိယအကြိမ်က ကြာတယ်ဗျ။ ပြေးတာမြင်တဲ့သူတွေထပ်ပစ်တာနဲ့ ၂ ရွာပေါင်းပြီးပစ်တာဆိုတော့ မိနစ် ၄၀ လောက်ကြာတယ်။ ပထမ ပစ်ချခဲ့တဲ့နေရာတွေကိုပဲ ထပ်ပစ်တာ။ စုလေးကုန်းလည်း ကြဲသွားတယ်။ စုလေးကုန်ဘက်မှာ စျေးထွက်ဝယ်တဲ့ ပြည်သူ ၁ ဦးထိခိုက်တယ်လို့ကြားတယ်။ ကြဲတဲ့နေရာတွေလည်း မီးစွဲတယ်လို့ကြားတယ် ” လို့ သူကဆက်ပြောပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်အတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး ၇ လုံး၊ မစ်ဇိုင်း ၂ လုံးနဲ့ ပွိုင့်ဖိုက်တွေနဲ့ လည်းပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“ကျနော်တို့လည်း ရုတ်ရုတ်သဲသဲ ရဲဘော်ကိုခေါ်ပြီးတော့ရဲဘော်တွေကို လွတ်ရာပို့ထားတယ်။ ကျနော်တို့ ကျန်တဲ့ရဲဘော်တွေကိုခေါ်ပြီးအလာမှာ မြစ်သာရွာအနောက်ဘက်အထွက်ကို ပြန်ပစ်ခံရတာ၊ ထိခိုက်တာတွေတော့ မရှိလိုက်ဘူး” လို့ ကာကွယ်ရေးအဖွဲ့တွေကို သွားရောက်ကယ်ထုတ်ခဲ့တဲ့ ရဲဘော်တဦးက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ဘေးရှောင် စုစုပေါင်း ၃၀ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ပြီး ဒဏ်ရာပြင်းထန်တဲ့သူတွေကို နီးစပ်ရာဆေးရုံတွေ ပို့ဆောင်ပေးခဲ့ကာ ဒဏ်ရာနည်းသူတွေကိုတော့ ရွာဆေးခန်းမှာပဲ ကုသပေးနေတယ်လို့ ဆိုပါတယ်။
ထိခိုက်သူတွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မြေလတ်အသံက သီးခြား အတည်မပြုနိုင်သေးပါဘူး။
နိုဝင်ဘာ ၁၄ ရက် ဒီနေ့မနက်မှာလည်း မြစ်သာရွာဘက်ကို ဂျက်ဖိုက်တာ ၁ စီးနဲ့ Mi 35 ၁ စီး ထပ်မံပျံဝဲနေပြီး ဒေသခံတချို့လည်းရွာကနေ တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၂ ရက်ကလည်း မြောင်မြို့နယ်အနောက်ခြမ်း၊ ချင်းတွင်းမြစ်ကမ်းဘေးရှိ မကျီးဘုတ်ရွာ အနီးကို လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ကလေး ၁ ဦးအပါ ၁၄ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #မြောင် #မြစ်သာ #လေကြောင်းတိုက်ခိုက် #ထိခိုက်
Share Share Share