ကာကွယ်ရေးတပ်ဖွဲ့ဝင်အချင်းချင်း မိုင်းဆွဲပစ်ခတ်တာခံရလို့ ၃ ဦးဒဏ်ရာရ

ကာကွယ်ရေးတပ်ဖွဲ့ဝင်အချင်းချင်း မိုင်းဆွဲပစ်ခတ်တာခံရလို့ ၃ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ မိုင်းဆွဲပစ်ခတ်ခံရလို့ ငါန်းဇွန်ပြည်သူ့အင်အား PDF တပ်ဖွဲ့ဝင် ၂ ဦးနဲ့ မန္တလေးခရိုင်အမှတ် ၅ တပ်ရင်းက တပ်ဖွဲ့ဝင် ၁ ဦးတို့ ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ဒီဇင်ဘာ ၂ ရက်ညနေပိုင်းမှာ ငါးန်းဇွန်မြို့ဘက်ကနေ ဆိုင်ကယ် ၅ စီးနဲ့လာတဲ့ PDFတပ်ဖွဲ့ဝင် ၉ ဦးကို ငါန်းဇွန်ဒေသတွင်း အခြေပြုလှုပ်ရှားနေတဲ့ TGYR - Youth Guerrilla Counter Revolution - NZ (Local PDF) တပ်ဖွဲ့ဝင်တွေက တောင်အောက်ရွာဆိုင်းဘုတ်အနီးမှာ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ သူတို့အဖွဲ့(TGYR)ကိုတွေ့လို့ ရင်း ၅ (မန္တလေးခရိုင်တပ်ရင်း ၅)ထဲက ရဲဘော်က လက်ပြပြီးတော့ နှုတ်ဆက်တာ၊ မိုင်းဆွဲရုံတင်မကဘူး ပစ်ခတ်မှုပါလုပ်တာ။ ၅လုံး ၁ ပွိုင့် ၂လုံး ၁ ပွိုင့်နဲ့ ဆွဲတာ၊ပစ်ခတ်ပြီးတော့ ထွက်ပြေးသွားတယ်။ ကျနော်တို့ဘက်က ပြန်ခံပစ်နိုင်စရာလည်းမရှိဘူး။ မိုင်းအားနဲ့ မှုန်ထွက်သွားတာ” လို့ ငါန်းဇွန်ပြည်သူ့အင်အား တပ်ဖွဲ့ခေါင်းဆောင်ကိုမင်းမော်က မြေလတ်အသံကို ပြောပါတယ်။

ငါန်းဇွန်ပြည်သူ့အင်အားတပ်ဖွဲ့နဲ့ မန္တလေးခရိုင်အမှတ် ၅ တပ်ရင်းက PDF တပ်ဖွဲ့ဝင် ၁၆ ဦးခန့်ဟာ ဒီဇင်ဘာ ၂ ရက်က ငါန်းဇွန်မြို့နယ်အတွင်းတိုက်ပွဲ(မစ်ရှင်) ၁ ခုဖော်ဆောင်ဖို့ စောင့်ဆိုင်းနေရာက မစ်ရှင်ပျက်ပြယ်သွားလို့ ငါးန်ဇွန်မြို့ကနေသက်ဆိုင်ရာစခန်းတွေဆီ ၂ ဖွဲ့ခွဲပြီး ပြန်လာစဥ် ၉ ဦးပါတဲ့ အဖွဲ့က အခုလိုစောင့်ကြိုတိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။

မိုင်းဆွဲပစ်ခတ်ခံရတာကြောင့် ငါန်းဇွန်ပြည်သူ့အင်အားတပ်ဖွဲ့ဝင် ငတေ ၃၉ နှစ်၊ ဒေါင်းနီ ၂၃ နှစ်နဲ့ မန္တလေးခရိုင်အမှတ် ၅ တပ်ရင်းက ၁၈ နှစ်အရွယ် ရဲဘော် ၁ ဦးတို့မှာ လက်၊ ခြေထောက်နဲ့ ဦးခေါင်းတွေမှာ မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူထဲက ရဲဘော် ငတေ ကိုတော့ အခင်းဖြစ်ပြီးညပိုင်း ၁၀ နာရီလောက်မှ တိုက်ခိုက်ခံရတဲ့နေရာအနီး ပဲစင်းငုံခင်းအတွင်း ဒဏ်ရာတွေနဲ့ ရှာတွေ့ ခဲ့တာလို့ ဆိုပါတယ်။

“ ထိတာက ၂ ယောက်တည်းဆိုပြီး ကားနဲ့ သွားကြိုတယ်၊ ကြိုတဲ့အချိန်မှာ ငတေဆိုတဲ့ ၁ ယောက်ပျောက်နေတယ်၊ ဒီအတိုင်းရိုးရိုးတိုင်းပျောက်တယ်ထင်နေတာ။ အဲဒီ ၁ ယောက်ကအတင်းလိုက်ပစ်ခံရတော့ ဒဏ်ရာပိုများတယ်။ မျက်လုံးတွေရောထိထားတယ်”လို့ ကိုမင်းမော်က ပြောပါတယ်။

မိုင်းဆွဲပစ်ခတ်ခံခဲ့ရတဲ့ ငါန်းဇွန်ပြည်သူ့အင်အားအဖွဲ့ဟာ NUG ပကဖလက်အောက်ခံတပ်ဖွဲ့ဖြစ်သလို မန္တလေးခရိုင်တပ်ရင်း ၅ ကလည်း NUG ကာ ကွယ်ရေးဝန်ကြီးဌာနအောက် PDF တပ်ရင်းဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ TGYR အဖွဲ့ကတော့ ဒေသတွင်းမှာ Local PDF အဖြစ်လှုပ်ရှားနေတာလို့ ဆိုပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး PDF တွေကိုမိုင်းဆွဲပစ်ခတ်ခဲ့တယ်ဆိုတဲ့ TGYR -Youth Guerrilla Counter Revolution - NZ တပ်ဖွဲ့ကို မြေလတ်အသံက သတင်းမဖော်ပြမီအထိဖုန်းနဲ့အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့ပေမဲ့  ဆက်သွယ်လို့မရခဲ့ပါဘူး။

အခင်းဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၃ ရက်နေ့မှာ ငါန်းဇွန်ပြည်သူ့အင်အားတပ်ဖွဲ့ခေါင်းဆောင်က သက်သေနဲ့တကွတိုင်ကြားနိုင်ရေး မန္တလေးတိုင်းနဲ့ မြင်းခြံခရိုင်ပကဖတာဝန်ရှိသူတွေထံ သွားရောက်ပြောကြားခဲ့ပေမဲ့လည်း တစုံတရာအရေးယူဆောင်ရွက်တာမျိုးမရှိဘူးလို့ ပြောပါတယ်။

“ အထက်လူကြီးတွေကို ဖုန်းဆက်ပြီးတော့ အမျိုးမျိုးတိုင်ကြည့်တယ်။ ရင်း ၅ထဲက မြေပြင်မှာမိုင်းမထိတဲ့ ရဲဘော်၁ ယောက်ကိုခေါ်ခဲ့ဆိုလို့ မြင်းခြံမြို့ နယ်ပကဖကို ခေါ်သွားတယ်။ ဒီဟာတွေကိုတဲ့ သတင်းအချက်အလက် ရေးသားစုစည်းမှုပဲရမယ်၊ တိုင်ကြားလို့လုပ်ပေးလို့မရဘူးဆိုပြီးတော့ ပြောတယ်" 

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မန္တလေး #ငါန်းဇွန် #ကာကွယ်ရေးတပ်ဖွဲ့ #မှိုင်းဆွဲတိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10