ကာလရှည် စစ်ရှောင်ပြည်သူတွေကို စားသောက်ကုန်များထောက်ပံ့၊ မိုးတွင်း ဆန်ပြတ်မှာ စိုးရိမ်နေကြ

ကာလရှည် စစ်ရှောင်ပြည်သူတွေကို စားသောက်ကုန်များထောက်ပံ့၊ မိုးတွင်း ဆန်ပြတ်မှာ စိုးရိမ်နေကြ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း ကာလရှည် နေရပ်မပြန်နိုင်ဘဲ စစ်ရှောင်နေရသူတွေကို မတ် ၂၆ ရက်က စားသောက်ကုန်ပစ္စည်းမျိုးစုံ ထောက်ပံ့ပေးခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ဆီက သိရပါတယ်။

စစ်ရှောင်ပြည်သူတွေမှာ မကွေးတိုင်းအတွင်းမှ ၂၀၂၃ ဖေဖော်ဝါရီကစပြီး ပုလဲမြို့နယ်အတွင်း ရောက်ရှိနေခဲ့ရာ စားနပ်ရိက္ခာခက်ခဲနေတဲ့အတွက် ဆန်၊ ဆီနဲ့ စားသောက်ကုန်တွေ သိန်း ၄၀ ကျော်ဖိုး ထောက်ပံ့ပေးရတာလို့ ဆိုပါတယ်။

" အလုပ်လည်း မရှိတော့ ဝင်ငွေမရှိကြဘူးပေါ့။ စားဖို့အတွက် ခက်ခဲနေလို့ ကူညီပေးဖြစ်တာပါ။ သူတို့အတွက် ဆန်အဓိက လိုအပ်နေပါတယ် " လို့ အညာပစ်တိုင်းထောင်အဖွဲ့ ဦးဆောင်သူ မဖူးပွင့်ဝေက ပြောပါတယ်။

နေရပ်စွန့်စွာလာတဲ့ စစ်ရှောင်မိသားစုဝင် ၂၀၀ ကျော်ရှိပြီး အိမ်ထောင်စု ၅၇ စုအတွက် ဆန် ၂၇ အိတ် ၊ ဆီ ၁၇ ပုံး၊ ကုလားပဲ ၃ တင်း၊ မာမား ၂၈၅ ထုတ်၊ ငါးသေတ္တာ ၁၇၁ ဗူး၊ ခေါက်ဆွဲခြောက် ၁၇၁ ထုပ်တို့ကို တန်ဖိုးကျပ် သိန်း ၄၀ ကျော် ဝယ်ယူထောက်ပံ့ပေးခဲ့တယ်လို့ သူမက ဆက်ပြောပါတယ်။

ကာလရှည် စစ်ရှောင်တွေမှာ အခက်ခဲမျိုးစုံရှိရာ အလုပ်အကိုင်မရှိဘဲ အလှူရှင်တွေကိုအားကိုးနေရသလို စစ်ရှောင်စခန်းတခုမှာ တလကို ဆန်တင်း ၁၀၀ ကျော်ကုန်ကျပြီး ဆန်ပြတ်လပ်သွားမှာကို စိုးရိမ်နေတယ်လို့ဆိုပါတယ်။

"မိုးတွင်းဆို လမ်းက မကောင်းပါဘူး။ အလှူရှင်တွေ မလာမှာ စိတ်ပူမိတယ်။ ကျမတို့အတွက် ဆန်လုံ လောက်ရင်ရပါတယ်။ ဆီမပါလည်း စားနိုင်ပါတယ် " စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

အခုလို စစ်ရှောင်တွေအတွက် ထောက်ပံ့မှုကို အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ဦးဆောင်ကာ Western Chindwin Association WCA အဖွဲ့နဲ့ ပူးပေါင်းကူညီပေးခဲ့တာ ဖြစ်ပါတယ်။

အလားတူ မတ် ၂၆ မှာပဲ ဆားလင်းကြီးမြို့နယ်ရှိ စစ်ရှောင်စခန်း ၅ နေရာမှာရှိတဲ့ စစ်ရှောင်ပြည်သူ ၇၀၀ ကျော်ကိုလည်း အလှူရှင် ၅ ဦးကိုယ်စား ၁၈၃ နပ်မြောက်အဖြစ် ထမင်းတစ်နပ်ကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ကျွေးမွေးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #မကွေး #ယင်းမာပင် #ပုလဲ #ကာလရှည်စစ်ရှောင် #ထောက်ပံ့ #စားနပ်ရိက္ခာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10