ကားတံခါးဖွင့်တာကိုရှောင်တိမ်းရာက ဆိုင်ကယ်မှောက်ပြီး လမ်းပေါ်လွင့်ကျတဲ့သားအမိကို တွဲကားကဝင်တိုက်လို့ မိခင်သေဆုံး

ကားတံခါးဖွင့်တာကိုရှောင်တိမ်းရာက ဆိုင်ကယ်မှောက်ပြီး လမ်းပေါ်လွင့်ကျတဲ့သားအမိကို တွဲကားကဝင်တိုက်လို့ မိခင်သေဆုံး

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ပြည်သူ့ဆေးရုံရှေ့ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ ၃ နှစ်အရွယ်ကလေးနဲ့ မိခင်ဖြစ်သူတို့ ကားတိုက်ခံရပြီး မိခင်ဖြစ်သူအမျိုးသမီး နေရာမှာသေဆုံးခဲ့တယ်လို့ ဒေသခံတွေထံကသိရပါတယ်။

သေဆုံးသူမှာ တောင်ငူမြို့၊ လမ်းမကျယ်ရပ်ကွက်နေ အသက် ၂၇ နှစ်ဝန်းကျင်ရှိ မဆုစန္ဒီ ဖြစ်ပြီး ဒီဇင်ဘာ ၁ ရက် ယမန်နေ့ညနေ ၅ နာရီခွဲခန့်က လမ်းဟောင်းပေါ်မှာ အသက် ၃ နှစ်အရွယ်ကလေးကိုချီလျက် ၎င်းရဲ့အမျိုးသားဖြစ်သူ မောင်းနှင်တဲ့ဆိုင်ကယ်နောက်မှာလိုက်ပါနေစဉ် ဆိုင်ကယ်တိမ်းမှောက်ခဲ့ပြီးနောက် ကားလမ်းမပေါ်ကို လွင့်ကျခဲ့ရာက လားရာတူမှ မောင်းနှင်လာတဲ့ ကုန်တင်တွဲကားက အနောက်ကနေတိုက်မိခဲ့တာလို့ ဆိုပါတယ်။

"လမ်းဘေးမှာက ကားလေး(အိမ်စီးကား) ၁ စီးရပ်ထားတယ်။ သူတို့သားမိ၊ သားဖ ၃  ယောက်က ဆိုင်ကယ်နဲ့အလာ ရပ်ထားတဲ့ကားလေးက ကားတံခါးကိုဖွင့်လိုက်တဲ့အချိန် အဲ့ဒီကားတံခါးကို ရှောင်လိုက်တာ။ အဲ့မှာ နောက်ကလာတဲ့ တွဲကားနဲ့တိုက်မိလိုက်တာပါ " လို့ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ကားတံခါးဖွင့်တာကို ရှောင်တိမ်းချိန် ဆိုင်ကယ်တိမ်းမှောက်ခဲ့ပြီး မောင်းနှင်သူအမျိုးသားမှာ ဆိုင်ကယ်နဲ့အတူလမ်းဘေးကို ထိုးကျခဲ့ကာ သေဆုံးသူအမျိုးသမီးနဲ့ ကလေးတို့မှာ  တွဲကားအောက်ထဲ တွဲလျက်ရောက်ရှိသွားခဲ့တာလို့ ဆိုပါတယ်။

ယာဥ်တိုက်မှုကြောင့် ဆိုင်ကယ်နောက်မှာ လိုက်ပါလာတဲ့ မဆုစန္ဒီမှာ ခါးလည်ကနေကားကြိတ်ခံထားရတဲ့ပုံစံနဲ့ နေရာမှာတင်သေဆုံးခဲ့ပြီး ၃ နှစ်အရွယ်ကလေးနဲ့ ဖခင်ဖြစ်သူတို့မှာ သာမန်ပွန်းပဲ့ဒဏ်ရာလောက်သာရရှိတယ်လို့ သိရပါတယ်။

"ကလေးနဲ့အတူလွင့်သွားတာ ကလေးကဘာမှမဖြစ်ဘူး" လို့ ၎င်းက ဆိုပါတယ်။

အခင်းဖြစ်ပွားပြီးနောက် သေဆုံးသူအမျိုးသမီးကို ဒေသခံပရဟိတအသင်းအဖွဲ့ဝင်တွေက တောင်ငူပြည်သူ့ဆေးရုံ ရင်ခွဲဆောင်ပို့ဆောင်ပေးခဲ့ပြီး တိုက်မိခဲ့တဲ့တွဲကားက မောင်းနှင်သူတွေကိုတော့ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၃၀ ရက်ကလည်း အုတ်တွင်းမြို့နယ်၊ သရက်ချဥ်ကျေးရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ အသက် ၅၇ နှစ်အရွယ် အမျိုးသား ၁ ဦး ကားတိုက်ခံရပြီးသေဆုံးခဲ့ပါသေးတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#တောင်ငူ #ယာဉ်တိုက်မှု #သေဆုံး #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10